ညောင်ဦး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အာနန္ဒာဘုရား တောင်ဘက်မုခ်ကွင်းပြင်၌ ပုဂံမာရသွန်ပြိုင်ပွဲကျင်းပခြင်းကို နိုဝင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲတွင် စတင်တာလွှတ်ကျင်းပသည်။
ပုဂံမာရသွန်အပြေးပြိုင်ပွဲကို ၁၀ ကီလိုမီတာ၊ ၂၁ ကီလိုမီတာနှင့် ၄၂ ကီလိုမီတာပြိုင်ပွဲများ ကျင်းပခဲ့ပြီး ကီလိုမီတာတန်းအပြေးပြိုင်ပွဲများကို နံနက် ၅ နာရီ ၄၀ မိနစ်တွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီယာယီဥက္ကဋ္ဌ ဦးဇေပိုင်ထက်၊ ဒုတိယဗိုလ်မှူးကြီး သော်ထိုက်နှင့် ခရိုင်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က အလံများဝှေ့ယမ်းကာ တာလွှတ်ပေးကြသည်။ အဆိုပါ ပုဂံမာရသွန်ပြိုင်ပွဲတွင် ၁၀ ကီလိုမီတာတန်း၌ အမျိုးသား၊ အမျိုးသမီး ၅၈၆ ဦး၊ ၂၁ ကီလိုမီတာတန်း၌ အမျိုးသား၊ အမျိုးသမီး ၃၉၂ ဦး၊ ၄၂ ကီလိုမီတာတန်း၌ အမျိုးသား/အမျိုးသမီး ၁၂၅ ဦး စုစုပေါင်း ပြိုင်ပွဲဝင် ၁၁၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်ပ အပြေးသမား ၃၉ ဦး ပါဝင်ယှဉ်ပြိုင်သည်။
အဆိုပါပြိုင်ပွဲတွင် ၁၀ ကီလိုမီတာ အမျိုးသားနှင့် အမျိုးသမီး ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု ကျပ် သုံးသိန်း၊ တတိယဆု ကျပ် နှစ်သိန်း၊ စတုတ္ထဆု ကျပ် တစ်သိန်း၊ ပဉ္စမဆု ကျပ်တစ်သိန်း၊ ဆဋ္ဌမမှ ဒသမတန်းဝင်များအား ကျပ်တစ်သိန်း၊ ၂၁ ကီလိုမီတာတန်းတွင် အမျိုးသားနှင့်အမျိုးသမီး ပထမဆု ကျပ် ခုနစ် သိန်း၊ ဒုတိယဆု ကျပ် ငါးသိန်း၊ တတိယဆု ကျပ် သုံးသိန်း၊ စတုတ္ထဆု ကျပ် တစ်သိန်းခွဲ၊ ပဉ္စမဆု ကျပ် တစ်သိန်းခွဲ၊ ၄၂ ကီလိုမီတာတန်းတွင် အမျိုးသား/အမျိုးသမီး ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ခုနစ်သိန်း၊ တတိယဆုကျပ် ငါးသိန်း၊ စတုတ္ထဆု ကျပ် နှစ်သိန်း၊ ပဉ္စမဆု ကျပ်နှစ်သိန်းနှင့် ကုမ္ပဏီများမှလက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း


