ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ပြည်သူများဖြင့် အထူးစည်ကား

ရန်ကုန် နိုဝင်ဘာ ၂၂

 

 ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကြီးတွင် ပြည်သူများတစ်ခဲနက် လာရောက်ဆင်နွှဲကြသဖြင့် အထူးစည်ကားလျက်ရှိပြီး ပျော်ရွှင်ကြည်နူးဖွယ်အငွေ့ အသက်များနှင့်အတူ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်းလည်ပတ်ကြပြီး ဈေးဝယ်ခြင်း၊ အစားအသောက်မျိုးစုံ မြည်းစမ်းခြင်းနှင့် ဂီတဖျော်ဖြေပွဲများကို ကြည့်ရှုအားပေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖြတ်သန်းလျက်ရှိကြသည်။

 

အဆိုပါပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမလုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ၊ စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒိသာ ကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့ပြင် ပြည်သူများအတွက် ဝယ်ယူစားသုံးရေးအဆင်ပြေစေသည့်အပြင် ဒေသထွက်ကုန်ပစ္စည်းများနှင့် ပြည်တွင်းထုတ်ကုန်များကို ပိုမိုမိတ်ဆက်မြှင့်တင်ပေးနိုင်သည့် ပွဲတော်တစ်ရပ်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

အဆိုပါ တန်ဆောင်တိုင်ဈေး ရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကြီးကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်‌အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း အနုပညာဖျော်ဖြေ တင်ဆက်မှုများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် ပွဲတော်လာပြည်သူများ သွားလာရေးအဆင်ပြေစေရန် YBS ယာဉ်များဖြင့် အကြို/ အပို့ စီစဉ်ဆောင်ရွက်ပေးထားရာ တန်ဆောင်တိုင်အခါသမယတွင် မိသားစုနှင့်အတူ အပန်းဖြေအနားယူနိုင်ခြင်း၊ ပြည်တွင်း ထုတ်ကုန်များကို အားပေးဝယ်ယူနိုင်ခြင်းနှင့် မြန်မာ့ရိုးရာပွဲတော် အငွေ့အသက်များကို စုပေါင်းခံစားနိုင်ခြင်းတို့ကြောင့် ပြည်သူများအတွက် ပျော်ရွှင်ဖွယ်ရာ အမှတ်တရပွဲတော် တစ်ရပ်ဖြစ်ကြောင်း သိရသည်။

 

​အောင်မြင့် (ပြန်/ဆက်)