နေပြည်တော် နိုဝင်ဘာ ၂၁
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ဆင်ယင်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီးကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၁၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ သောက်တော်ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အစီအစဉ်အရ မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်ခံ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ကန်ဦးကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသ ထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးတို့က ပုဗ္ဗသီရိမြို့နယ် အောင်စည်သာကျောင်းတိုက် ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များသည် နေပြည်တော်တိုင်းသံဃနာယက အကျိုးတော်ဆောင် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပျဉ်းမနားမြို့ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿတို့ထံမှ ကထိန်အမေးအဖြေများကို နာယူကြည်ညိုကြသည်။
ထို့နောက် အောင်စည်သာကျောင်းတိုက် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းကြပြီး အခမ်းအနားအပြီးတွင် သီရိမင်္ဂလာ ဝဲကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မိသားစု မဟာဘုံကထိန် အလှူတော်အဖြစ် လှူဒါန်းထားသည့် ပဒေသာပင်များအား အောက်တိုဘာ ၁၉ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်းရှိ အနော်ရထာခန်းမမှ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ခဲ့ကြသည်။
ယနေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၆ ခုနှစ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက ပေးပို့လှူဒါန်းသော ပဒေသာပင်တစ်ခု အပါအဝင် ရုံး၊ ဌာနအသီးသီးမှ လှူဒါန်းသော ပဒေသာပင် စုစုပေါင်း ၈၈ ခု၊ ပစ္စည်းတန်ဖိုး ငွေကျပ် ၂၁၉၉၇၂၃၇၀ နှင့် ငွေသားတန်ဖိုးငွေကျပ် ၁၁၈၆၁၇၁၈၅ ကျပ်တို့ ဖြစ်သဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၃၃၈၅၈၉၅၅၅ ကျပ်ကို လှူဒါန်းခဲ့ကြပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


