အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် တစ်ဦး သေဆုံး၊ လူပေါင်း ထောင်ချီထိခိုက်

နိုဝင်ဘာ ၁၇

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ဒေသရှစ်ခုတွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံး၊ ဒေသခံထောင်ပေါင်းများစွာ ထိခိုက်ခဲ့ပြီး ရာပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

အာချေးပြည်နယ် တာမီယန်၊ ဂါယိုလူးစ်၊ အရှေ့တောင်အာချေး၊ အလယ်ပိုင်းအာချေး၊ အနောက်အာချေး၊ အနောက်တောင်အာချေးနှင့် မြောက်ပိုင်းအာချေး စသည့် ဒေသခုနစ်ခုအပြင် ဆူဘူလူဆာလမ်မြို့တို့ကိုပါ ထိခိုက်ခဲ့ကြောင်း အာချေးပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ပြောကြားခဲ့သည်။

အာချေးပြည်နယ် တာမီယန်ဒေသသည် အဆိုးရွားဆုံးထိခိုက်ခဲ့သော ဒေသများအနက် တစ်ခုဖြစ်ပြီး ဒေသခံ ၁၅၀၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ရသည်။ ဆူဘူလူဆာလမ်မြို့တွင် ရေကြီးရေလျှံမှုကြောင့်  ၇၇၀၃ ဦး ထိခိုက်ခဲ့ပြီး ဒေသခံ ၂၇၈ ဦး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

အလယ်ပိုင်းအာချေးတွင် မြေပြိုမှုတစ်ခုကြောင့် အသက် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး နစ်မြုပ် သေဆုံးခဲ့သည်။ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဒေသများရှိ လမ်းများ၊ အိမ်များနှင့် လယ်ယာမြေများလည်း ပျက်စီးခဲ့သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီသည် အာချေးပြည်နယ်နှင့် အိမ်နီးချင်း မြောက်ဆူမားတြားပြည်နယ်တို့တွင် မိုးရွာသွန်းမှု ပြင်းထန်မှုကိုလျှော့ချနိုင်ရန်ရည်ရွယ်၍ ရာသီဥတု ပြုပြင်ထိန်းညှိရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို