တာချီလိတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ၏ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်စေရန် ရည်ရွယ်သည့် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiative - SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက သင်တန်းဆိုင်ရာ အဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်းတက်ရောက်လာသည့် ကျောင်းအုပ်ကြီး ၅၀ ဦးက အုပ်စုများခွဲ၍ ကျောင်းသားကျောင်းသူများ သင်ကြားသင်ယူမှု လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လာရေး၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာရေး၊ ကျောင်း၊ မိဘနှင့် ရပ်ရွာအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာရေးတို့ကို ဝိုင်းဖွဲ့ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပြီး နည်းပြဆရာများက နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)


