တောင်ကြီး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ပွဲတော်ဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူသုံးသိန်းကျော် လာရောက် ကြည့်ရှုအားပေးကြသည်။
ပွဲတော်ကို ပွဲတော်ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပွဲတော်ဖွင့်ပွဲတွင် တိုင်းရင်းသားအဖွဲ့များက ကိန္နရီကိန္နရာ အကများ၊ တိုးနရားအကများ၊ ရှမ်းဓားသိုင်းအကများ၊ တိုင်းရင်းသားရိုးရာ အကများ၊ ဒေသခံအဆိုတော်များက ခေတ်ပေါ်တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သည် တိုင်းရင်းသားရိုးရာ အစဉ်အလာအရ ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများသာမက ကမ္ဘာ့နိုင်ငံများမှ ခရီးသွားဧည့်သည်များပါ စိတ်ဝင်စားစွာ လာရောက်လည်ပတ်ကြသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ပွဲတော်တွင် တိုင်းရင်းသားပြည်သူများအားလုံး ညီရင်းအစ်ကို မောင်ရင်းနှမများပမာ ချစ်ခင်ရင်းနှီးစွာ၊ အေးချမ်းတည်ငြိမ်စွာ၊ စည်းလုံးညီညွတ်စွာ၊ ပျော်ရွှင် ကြည်နူးစွာ ပါဝင်ဆင်နွှဲကြခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ သွေးစည်း ညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်သည့်အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အကျိုးရလဒ်ကောင်းများကို မျက်ဝါးထင်ထင် တွေ့မြင် ခံစားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တန်ဆောင်တိုင်ပွဲတော်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ စိန်နားပန် မီးပုံးပျံကို လွှတ်တင်ပေးသည်။
ထို့အတူ တိုင်းရင်းသား၊ တိုင်းရင်းသူများက မီးပုံးပျံအလတ် အလုံး ၆၀၀၊ ကျောင်းသား ကျောင်းသူများက မီးပုံးပျံအသေး ၈၀၀ စုစုပေါင်း မီးပုံးပျံအလုံးပေါင်း ၁၄၀၀ ကို လွှတ်တင်ပေးကြပြီး မီးရှူး၊ မီးပန်းများ ပစ်ဖောက်ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဝေရာမီးပုံးပျံကွင်းအတွင်း ဖွင့်ပွဲ မီးပုံးပျံ စိန်နားပန်မီးပုံးပျံကို လွှတ်တင် ပေးကြသည်။
ထိုသို့ပွဲတော်ဖွင့်ပွဲကျင်းပစဉ် အဆိုတော်စိုင်းဟိန်းကိုကိုက တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဆုရသီချင်းဖြစ်သည့် ကမ္ဘောဇမောတို့ရှမ်းဌာနေ သီချင်းဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသား၊ တိုင်းရင်းသူအကအဖွဲ့များက တူညီအကဖြင့် ကပြဖျော်ဖြေခြင်း၊ ခေတ်ပေါ်တေးဂီတတီးဝိုင်းဖြင့် ဖျော်ဖြေခြင်းတို့ ဆောင်ရွက်ကြရာ ပွဲတော်လာပြည်သူများက ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြသည်။ ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး ၇၁ လုံး၊ စိန်နားပန် ၄၁ လုံး စုစုပေါင်း ညလွှတ် မီးပုံးပျံ ၁၁၂ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း အရုပ်မီးပုံးပျံ ၂၃၆ လုံး၊ ခြေလေးချောင်း အရုပ်မီးပုံးပျံ ၁၃၈ လုံး၊ အရုပ်အုပ်စု ၇၅ လုံး စုစုပေါင်း ၄၄၉ လုံး ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


