မြစ်ကြီးနား နိုဝင်ဘာ ၁၅
ကချင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ မြို့နယ်ဗုဒ္ဓဘာသာ သာသနာရေးရာအဖွဲ့က စီစဉ်ကျင်းပ သည့် အခြေခံပညာကျောင်းပေါင်း ၁၅ ကျောင်းတို့မှ ပြိုင်ပွဲဝင် ဝတ်အသင်းပေါင်း ၆၀ ကျော် ပါဝင် ပူဇော်ကြသည့် ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဗိမာန်တော် အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများ ပါဝင်သည့် ဝတ်အသင်းအဖွဲ့များ၏ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှုကို ဆရာတော် သံဃာတော်များက အကဲဖြတ် အမှတ်ပေးမှုအား ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီးတို့က ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှုအတွက် အလှူငွေကျပ် သိန်း ၁၀၀၊ ပြည်နယ် လူမှုရေးရာဝန်ကြီးက အလှူငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ်ဝန်ကြီးများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်း အတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှု အသင်းချုပ်တို့ ပူးပေါင်းကျင်းပမည့် ၂၀၂၆ ခုနှစ်၊ ကချင်ရိုးရာ ကောက်သစ်စား (အင်လုံ အင်နန်ရှား) ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် မဂျွယ်ခန်းမရှေ့၌ ကောက်သစ်စားပွဲအတွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုနှင့် ပွဲတော်မုခ်ဦး တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


