တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လျှပ်စစ်မီးအချိန်ပြည့်ရရှိရေး၊ စာသင်ကျောင်းများ ပြုပြင်ပေးနိုင်ရေးနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ရေး၊ ကိုယ့်အားကိုယ်ကိုးကျောင်းအား အစိုးရကျောင်းအဖြစ် ဖွင့်လှစ်ပေးနိုင်ရေး၊ မြို့နယ်ချင်းဆက်လမ်းနှင့် တံတားများ ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး၊ အငှားအိမ်ရာစနစ် ဖော်ဆောင်ပေးနိုင်ရေး၊ အဆင့်မြင့်ကင်ဆာကုထုံး စက်ကိရိယာများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဆေးရုံအဆင့်မြှင့်တင်ပေးနိုင်ရေး၊ Digital X-Ray စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၄ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်၏ ပုဂံမြို့ရှိ ရှင်အဇ္ဇဂေါဏဂူဘုရား၏ ဘွဲ့အမည်အား “မဟာသမန်းကြီးဂူဘုရား” ဟု ပြောင်းလဲပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ရှင်အဇ္ဇဂေါဏဘုရားကို မဟာသမန်းကြီးဂူဘုရားအဖြစ် ပြောင်းလဲခေါ်တွင်မည်ဆိုပါက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းစေတီပုထိုးများ၏ အမည်များမှာ ယူနက်စကို၏ မှတ်တမ်းအချက်အလက်များတွင် အတည်ပြုထားပြီးဖြစ်၍ UNESCO နှင့် ရေရှည်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်လာနိုင်ပါကြောင်း၊ ထို့ပြင် ပါးစပ်ရာဇဝင်အခေါ်ဖြင့် အသိအမှတ်ပြုထားသော ဘုရားစေတီများကိုလည်း အမည်ပြောင်းလဲခေါ်တွင်ရန် တောင်းဆိုမှုများ ရှိလာနိုင်ပါကြောင်း၊ ရှင်အဇ္ဇဂေါဏဘုရား ဩဝါဒါစရိယ ဆရာတော်ခုနစ်ပါးကလည်း အလှူရှင်၏အမည်ကို အစွဲပြု၍ ပြောင်းလဲခေါ်ဆိုခြင်းထက် လက်ရှိအများ ပြည်သူကြည်ညိုပူဇော်နေသည့် “ရှင်အဇ္ဇဂေါဏ” ဘုရားအမည်ကိုသာ ခေါ်ဆိုသင့်ပါကြောင်း ဩဝါဒပေးခဲ့ပါကြောင်း။

 

လက်ရှိအများပြည်သူ ကြည်ညိုပူဇော်နေပြီး ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဖြစ်နသည့်အတွက် ဂူဘုရားအမည်အား ပြောင်းလဲခြင်းမပြုဘဲ “ကျောက်စာပါအမည်အမှန်ကို ကွင်းစကွင်းပိတ်ဖြင့် ယှဉ်တွဲဖော်ပြခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပါက” UNESCO သို့ တင်ပြအတည်ပြုထားချက်နှင့် ကွဲလွဲမှုမရှိနိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဘုရားအမည်နှစ်ခုအား ပူးတွဲဖော်ပြမည်ဆိုပါက ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများ သိရှိနားလည်နိုင်ရန် အမတ်ကြီး မဟာသမန်းလင်မယားကျောက်စာ ပါစာသားများကို သမိုင်းပညာရှင်များ၊ သုတေသီများက သုံးသပ်စိစစ်၍ အတည်ပြုချက်ရယူခြင်း၊ ဘုရားပရိဝုဏ်အတွင်း ကျောက်စာပါအဓိပ္ပာယ် ဘာသာပြန်ဆိုချက်အား အသိပေးဆိုင်းဘုတ်ဖြင့် ဖော်ပြထားခြင်း၊ သာသနာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းခြင်းနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား ရှင်းလင်းအသိပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုး၏ “လျှပ်စစ်မီး” အား (၂၄) နာရီ အချိန်ပြည့်ပေးနိုင်ရန် ရေတို၊ ရေရှည်စီမံကိန်းများ ဆောင်ရွက်ထားမှု ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒနှင့်အညီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို စွမ်းအင်အရင်းအမြစ် တစ်မျိုးတည်းကို မှီခိုနေရခြင်းမဖြစ်စေရန် ပြန်ပြည့်မြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် အခြားအရင်းအမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Generation Mix ကို အခြေခံဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်စီစဉ်ရာတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ လမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရခြင်းဖြစ်၍ အချိန်ယူပြင်ဆင်ဆောင်ရွက်ပြီးမှ စတင်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် စီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း၏ အကူအညီဖြင့် ဆောင်ရွက်ပြီးဖြစ်၍ ပထမအဆင့်တွင် အငယ်စားနျူကလီးယားဓာတ်အားပေးစက်ရုံ ၅၅ မဂ္ဂါဝပ်နှစ်လုံး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ်ကို တည်ဆောက်ရန် ရွေးချယ်လျာထားပါကြောင်း​။

 

လျှပ်စစ်ဓာတ်အားထုတ်ယူမှု ရေတို၊ ရေရှည်စီမံကိန်းများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အဓိကဆောင်ရွက်သွားမည်ဖြစ်ပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနအနေဖြင့် နျူကလီးယားနည်းပညာဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ နျူကလီးယားစွမ်းအင်ကို အသုံးပြုရာတွင် ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ဘေးကင်းလုံခြုံစွာ ဆောင်ရွက်နိုင်ရေးအတွက် ထိန်းကျောင်းကြပ်မတ်မှု လုပ်ငန်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အစီအစဉ် သို့မဟုတ် ပုဂ္ဂလိက အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိသည့် Solar+ Hybrid စီမံကိန်းများနှင့် Solar mini grid စီမံကိန်းများအား လုပ်သာကိုင်သာရှိစေရန် ဆောင်ရွက်ထားရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် (သီလဝါ) နှင့် သာကေတတို့တွင် ပထမအဆင့် ၅၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ရာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် Astra Power Co.,Ltd.တို့အကြား LNG တင်သွင်းခြင်းအတွက် Sale and Purchase Agreement (SPA) ကို ၂၀၂၅ နိုဝင်ဘာတွင်လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် CNTIC VPower Energy Myanmar Co., Ltd. တို့အကြား စက်ရုံမှဓာတ်အား ထုတ်လုပ်ပေးခြင်းအ​တွက် ဓာတ်အားဝယ်ယူရေး စာချုပ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီတွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားဖြစ်ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြီးစားလေအား လျှပ်စစ်စီမံကိန်းများအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ စီမံကိန်း ၃၀၊ စုစုပေါင်း ၅၁၀၈ မဂ္ဂါဝပ်ကို ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မြောင်းမြမဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်၏ မြောင်းမြမြို့နယ် အမက-ရွှေဒါးကုန်းကျောင်းနှင့် အ.ထ.က - ကဝက်ကျောင်းတို့အား ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွှေဒါးကုန်းအခြေခံပညာမူလတန်းကျောင်းရှိ အန္တရာယ်ဆောင် ပေ (၆၀ x ၃၀) အုတ်ညှပ် တစ်ထပ်အားဖျက်သိမ်း၍ ပေ (၆၀ x ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်မူတည်၍ တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ထို့အတူ မြောင်းမြမြို့နယ် ကဝက်-အခြေခံပညာ အထက်တန်းကျောင်းတွင် အန္တရာယ်ဆောင် ပေ (၁၈၀ x ၃၀) အုတ်ညှပ် တစ်ထပ်အားဖျက်သိမ်း၍ ပေ (၁၂၀ x ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှု အပေါ်မူတည်၍ တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ် ဆူးပဒေါင်းကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား RC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဆူးပဒေါင်းကွင်း - အခြေခံပညာမူလတန်းကျောင်းတွင် လက်ရှိယာယီကျောင်းဆောင် တစ်ဆောင်တည်း၌ စာသင်ကြားနေရပါသဖြင့် အဆိုပါကျောင်းရှိ အန္တရာယ်ဆောင် ပေ (၉၀x၃၀) သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်အား ဖျက်သိမ်း၍ ပေ (၁၂၀ x ၃၀) RCC တစ်ထပ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် မူတည်၍ တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မြို့သစ်မြို့နယ် ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ မူလတန်းကျောင်းအား အစိုးရအခြေခံ မူလတန်းကျောင်းအဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ညောင်ဇင်ကျေးရွာအုပ်စု ဖုတ်ကုန်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းသည် ပင်မကျောင်းဖြစ်သော ညောင်ဇင်-အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) နှင့် ၁ ဒသမ ၅ မိုင်သာကွာဝေးပါသဖြင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းကျောင်း (ခွဲ) အဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ ကလေးနှင့်ကလေးဝမြို့နယ်သို့ ဆက်သွယ်ထားသည့်လမ်းနှင့် တံတားများပြုပြင်ထိန်းသိမ်းခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကလေးဝ-ကျီကုန်း-ကလေးလမ်းပိုင်း၌ ပျက်စီးနေသော နေရာများ ပြင်ဆင်ရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ၁၈ ပေအကျယ် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၅ ဖာလုံနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၃ ဒသမ ၅ ဖာလုံ လုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး လျာထားရန်ပုံငွေဖြင့် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ၅ ဒသမ ၅ ဖာလုံနှင့် Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အလားတူ လမ်းပိုင်းပေါ်ရှိ တံတားများနှင့် ပတ်သက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ကလေးဝ-ကျီကုန်းလမ်းပေါ်ရှိ သံပေါင်ဘေလီတံတား အစင်း ၂၀ ၏ ပျက်စီးနေသော C-Channel ကြမ်းခင်း၊ သံပေါင်ဘေလီနှင့် ဆက်စပ်ပစ္စည်းများ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျီကုန်းနှင့် တမူးကြားရှိ တံတားငါးစင်းအား အမြဲတမ်း သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ပြီး ကျန်တံတားများကိုလည်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

နောင်မွန်းမဲဆန္ဒနယ်မှ ဦးရယ်ဒမ်းတန်၏ ပူတာအို-မချမ်းဘော-နောင်မွန်းကားလမ်းရှိ နောင်မွန်းမြို့အပိုင်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပူတာအို-မချမ်းဘော-နောင်မွန်းလမ်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသည့် လမ်းအရှည် ၆၁ မိုင် ရှိပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၈ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၁၀ မိုင် ၅ ဖာလုံနှင့် အမာခံလမ်း ၄၂ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်း ၆၁ မိုင်တွင် မိုင်တိုင် ၂၉ မှ ၆၁ အထိ ၃၂ မိုင်သည် နောင်မွန်းမြို့နယ်လမ်းပိုင်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ် လမ်း ၅ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၃ မိုင် ၂ ဖာလုံ နှင့် အမာခံလမ်း ၂၃ မိုင် ဖြစ်ပါကြောင်း။

 

အဆိုပါလမ်းပိုင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်းပိုင်း ၂၃ မိုင်အနက်မှ ၁ မိုင် ၃ ဒသမ ၂၅ ဖာလုံအား ကွန်ကရစ်လမ်းခင်းရန် ရန်ပုံငွေလျာထားပြီးဖြစ်ပြီး ကျန်ရှိနေသော လမ်းပိုင်းများအား ကွန်ကရစ်လမ်းခင်းရန် နှစ်စဉ်ဘဏ္ဍာငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဝမ်းတွင်းမဲဆန္ဒနယ်မှ ဦးမျိုးမြင့်သိန်း၏ ဝမ်းတွင်းမြို့နယ်ရှိ သဲတော - ရိုးဇုံလမ်းနှင့် ဘုရားဖြူ- ကုက္ကို ခါးလှလမ်းတို့အား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က သဲတော - ရိုးဇုံလမ်းနှင့် ဘုရားဖြူ-ကုက္ကိုခါးလှလမ်းသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသော လမ်းများဖြစ်ပြီး သဲတော - ရိုးဇုံလမ်း အခြေအနေမှာ ကွန်ကရစ်လမ်း ၅ ဖာလုံ၊ ကျောက်ချော လမ်း ၅ မိုင် ၃ ဖာလုံ စုစုပေါင်းလမ်းအရှည် ၆ မိုင် နှင့် ဘုရားဖြူ - ကုက္ကိုခါးလှ - ကန်ပတ်လည်လမ်းအခြေအနေမှာ ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၁၁ မိုင် ၆ ဖာလုံ စုစုပေါင်းလမ်း မိုင်အရှည် ၁၃ မိုင် ၂ ဖာလုံ ဖြစ်ပါကြောင်း။

 

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သဲတော - ရိုးဇုံလမ်း အရှည် ၃ ဖာလုံအား ကျောက်လမ်းပြုပြင်ခြင်း၊ ဘုရားဖြူ - ကုက္ကိုခါးလှ - ကန်ပတ်လည်လမ်းပေါ်တွင် ၅ ပေ x ၂၄ ပေ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert ခုနစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် သဲတော- ရိုးဇုံလမ်းအရှည် ၄ ဖာလုံအား ကတ္တရာခင်းခြင်းဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း။

 

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ဖြည့်စွက်) ရန်ပုံငွေ (သို့မဟုတ်) အထွေထွေပိုလျှံ ရန်ပုံငွေတွင် ဘုရားဖြူ-ကုက္ကိုခါးလှ-ကန်ပတ်လည် လမ်းအရှည် ၄ ဖာလုံအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လမ်း နှစ်လမ်း၏ ကျန်လမ်းပိုင်းများအား လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နှစ်အလိုက် ဆက်လက်လျာထားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဦးနေလင်းအောင်၏ အိမ်ရာပိုင်ဆိုင်မှု မရှိသူများအတွက် အငှားအိမ်ရာစနစ်များ ဖော်ဆောင်ပေးရန်နှင့် အငှားအိမ်ရာများ အသင့်ရှိမှသာ ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အိမ်ရာပိုင်ဆိုင်မှုမရှိသည့် ခက်ခဲမိသားစုများအတွက် ပြည်သူ့အငှားအိမ်ရာများ ဆတိုးတည်ဆောက်ပေးရန်မှာ ဘဏ္ဍာငွေခွဲဝေရရှိမှုနှင့် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာရရှိမှုတို့အပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျူးကျော်နေထိုင်မှုများနှင့် စပ်လျဉ်း၍ သင့်လျော်သော အိမ်ရာအစီအမံများကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက စီမံဆောင်ရွက်ပေးလျက်ရှိပြီး နေထိုင်ရန်သင့်လျော်မှုမရှိသော လမ်းဧရိယာနယ်နိမိတ်များ၊ မဟာဓာတ်အားလိုင်းနှင့် တာဝါတိုင်ဧရိယာများ၊ မီးရထားလမ်းနယ်နိမိတ်များနှင့် အစိုးရစီမံကိန်းဧရိယာများတွင် စည်းကမ်းမဲ့ ကျူးကျော်နေထိုင်သူများအား ဥပဒေနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ဖယ်ရှားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မော်လမြိုင်မဲဆန္ဒနယ်မှ ဒေါ်ဥမ္မာဌေး၏ မော်လမြိုင်မြို့နယ် ခုတင် (၅ဝဝ) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အဆင့်မြင့်ကင်ဆာကုထုံး စက်ကိရိယာထားရှိပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကင်ဆာရောဂါကုသမှုနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် ဆေးသွင်းကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ရှိသည့်အနက် ခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်းတို့ကို သက်ဆိုင်ရာဘာသာရပ်အသီးသီး၏ ခွဲစိတ်အထူးကုဆရာဝန်များနှင့် ကင်ဆာရောဂါအထူး ကုဆရာဝန်နှစ်ဦးတို့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကင်ဆာရောဂါအများစုအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသပေးခြင်းသည် အရေးပေါ်ကုသမှုမျိုးမဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုပေး၍ ဆောင်ရွက်ရသော ကုသမှုပေးခြင်းဖြစ်သည့်အလျောက် အခြားနိုင်ငံများတွင် ဓာတ်ရောင်ခြည်ကုသမှုအား သီးခြားစင်တာများ ဖွင့်လှစ်၍ စက်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မိမိတို့နိုင်ငံတွင် ကင်ဆာရောဂါကုသရေး ဝန်ဆောင်မှုများကို တတ်စွမ်းသမျှ တိုးမြှင့်ဆောင်ရွက်ပေးရာတွင် လက်ရှိစက်တပ်ဆင်ထားနိုင်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်များအရ အဓိကကျသော မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များတွင် စနစ်တကျ ဗဟိုပြုကုသပေးခြင်းကို အားဖြည့်ဆောင်ရွက်ကာ ရေရှည်၌ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးများသို့ အဆင့်ဆင့်ဖြန့်ကြက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

လွိုင်လင်မဲဆန္ဒနယ်မှ ဦးခွန်အောင်ဆန်း၏ လွိုင်လင်မြို့နယ် မိုင်းပွန်တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင် တည်ဆောက်ပေးရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက မိုင်းပွန်တိုက်နယ်ဆေးရုံသည် မိုင်းပွန်မြို့၊ မိုင်းပွန်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၊ မိုင်းပွန်ကျေးရွာအုပ်စုနှင့် ထိစပ်လျက်ရှိသော အခြားကျေးရွာနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အားကိုးအားထားရာ ဆေးရုံတစ်ရုံဖြစ်ပါကြောင်း၊ မိုင်းပွန်တိုက်နယ်ဆေးရုံအား အရာထမ်းနှစ်ဦး၊ အမှုထမ်း ၁၇ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၁၉ ဦးတို့ဖြင့် စံနှုန်းကိုက်ဆေးရုံအဖြစ် ပြင်ဆင်ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။

 

မိုင်းပွန်ဆေးရုံအား တိုက်နယ်ဆေးရုံအင်္ဂါရပ်နှင့်အညီ ဆေးရုံအဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကိုစိစစ်၍ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်၏ ကယားပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့် လူဦးရေပိုမိုများပြားလာနိုင်သည့်အတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများ တိုးမြှင့်ပံ့ပိုးပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား ၂၀၂၄ ခုနှစ် မေလတွင် စတင်ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆရာဝန် ၂၆ ဦး၊ သူနာပြု ၁၀၀ နှင့် အခြားဝန်ထမ်း ၆၆ ဦးတို့ဖြင့် ကျန်းမာရေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါး ၅၇၅ မျိုး၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆေးဝါး ၅၆၅ မျိုးနှင့် ၂၀၂၆ ဧပြီလမှ ယနေ့အထိ ဆေးဝါး ၃၃၂ မျိုး ထောက်ပံ့ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ လောဓလေးတိုက်နယ်ဆေးရုံနှင့် လွိုင်လင်လေးတိုက်နယ်ဆေးရုံတို့တွင်လည်း လူနာများကို ကြည့်ရှုကုသပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ဆေးရုံ၊ ဘောလခဲဆေးရုံ၊ ဘောလခဲမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးကာလမှစ၍ ယနေ့အထိ ပြည်နယ်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတို့ကို ပြည်သူများအား ထိုးနှံပြီးဖြစ်ပါကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုသော ကာကွယ်ဆေးများ ဖြန့်ဝေပြီးဖြစ်ပါကြောင်း။

 

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ECG စက်နှင့် နှလုံးနှိုးစက်အပါအဝင် စက်ပစ္စည်းကိုးမျိုး၊ ဆေးနှင့် ဆေးပစ္စည်း ၂၀၉ မျိုး၊ ကယားပြည်နယ် ကုသရေးဦးစီးဌာနသို့ ဆေးနှင့်ဆေးပစ္စည်း ၁၄၃ မျိုး ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိတို့နေရပ်ဒေသသို့ ပြန်လည်ဝင်ရောက်လာမည့်ဦးရေ ပိုမိုများပြားလာပါက လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ လွိုင်ကော်မြို့နယ် ခုတင် (၅ဝဝ) ဆံ့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွန်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့်အတူ ဆရာဝန်၊ သူနာပြု၊ အခြားကျန်းမာရေးဝန်ထမ်း စုစုပေါင်းကျန်းမာရေးဝန်ထမ်း ၁၉၂ ဦးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခင်က ဆေးပညာအထူးကုဆရာဝန် နှစ်ဦးတို့က ကင်ဆာရောဂါဝေဒနာရှင်များအား ကုသပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ အသစ်ခန့်အပ်လိုက်သော အထူးကုဆရာဝန် (ကင်ဆာရောဂါ) မှ တာဝန်ယူကုသပေးလျက်ရှိပါကြောင်း။

 

လက်ရှိတွင် လက်ထောက်ဆရာဝန်သစ်လွင် နှစ်ဦးထပ်မံခန့်အပ်ပြီးဖြစ်ရာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန် ရှစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ကလေးမီးဖွားခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ကုသမှုပေးခြင်းတို့အား သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ဦးဆောင်မှုအောက်တွင် တာဝန်ကျသူနာပြုများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးတင့်ဆွေ၏ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့ဆေးရုံတွင် Digital X-Ray စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအား မည်သည့်ဘဏ္ဍာနှစ်တွင် ထောက်ပံ့ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအတွက် လတ်တလောတွင် 100 mA Conventional X-Ray Machine စက်တစ်လုံးအား ထောက်ပံ့ရန် ကုသရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သွားရောက်တပ်ဆင်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့