နေပြည်တော် နိုဝင်ဘာ ၁၀
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရေမြောင်းနှင့် မြောင်းပေါင်များ ပြုပြင်ပေးနိုင်ရေး၊ DEMU ရထား ပုတီးကုန်း ဘူတာတွင် ရပ်ပေးနိုင်ရေး၊ ရန်ကုန်တိုင်းပြင်ပမှ မှတ်ပုံတင်ယာဉ်များအား ရန်ကုန်တိုင်းအတွင်း ပြန်လည်မှတ်ပုံတင်ခွင့်ပြုရေး၊ တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေး၍ မူရင်းနိုင်ငံသို့ ပြန်ပို့ရေး၊ လဝကရုံးအသစ် တည်ဆောက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ငါးခု မေးမြန်းဖြေကြားခြင်းနှင့် လွှတ်တော်အစီရင်ခံစာ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၏ လားရှိုးမြို့ ကောက်ကွေ့ရေလှောင်တမံ၏ မြောင်းနှင့် မြောင်းပေါင်များအား မည်သည့်ဘဏ္ဍာနှစ်တွင် ပြုပြင်ပေးမည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လားရှိုးမြို့နယ်ရှိ ကောက်ကွေ့တူးမြောင်းမကြီးနှင့် ဟူးမွန်မြောင်းများသည် မြို့နေပြည်သူလူထု၏ သောက်သုံးရေရရှိရေးနှင့် စိုက်ပျိုးမြေဧရိယာ ၇၀၀ ကျော်အတွက် စိုက်ပျိုးရေ ရရှိရေးတို့ကို အကျိုးပြုနိုင်ပါကြောင်း။
အဆိုပါ ကောက်ကွေ့မြောင်းမကြီးသည် ပြီးခဲ့သည့် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောင်းမကြီး၏ အစိတ်အပိုင်း သုံးနေရာ ထိခိုက်ပျက်စီးခဲ့၍ ရေပေးဝေရေး လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရပါကြောင်း၊ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော အစိတ်အပိုင်း သုံးနေရာလုံး တစ်ဆက်တည်း ပြုပြင်ပြီးစီးမှသာ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကောက်ကွေ့မြောင်းမကြီး ထိခိုက်ပျက်စီးသည့် အပိုင်း ၂ နှင့် အပိုင်း ၃ နေရာများအား ပြုပြင်နိုင်ရန် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားပြီး အပိုင်း ၁ ပြုပြင်ခြင်း လုပ်ငန်းအတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၇-၂၀၂၈ ခုနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေ (သို့မဟုတ်) အထွေထွေ ပိုလျှံရန်ပုံငွေ၌ ဆက်လက်တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ ရန်ကုန် - ပြည် DEMU မီးရထားအား သဲကုန်းမြို့နယ် ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း လက်ရှိပြေးဆွဲလျက်ရှိသည့် ရထားခြောက်စင်းအနက် ရထားလေးစင်းအား ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးလျက်ရှိပါကြောင်း၊ ပုတီးကုန်းဘူတာမှ နေ့စဉ်ခရီးသည် ၉၅ ဦးခန့်သာ စီးနင်းလျက်ရှိပြီး လက်ရှိရပ်တန့်ပေးထားသော ရထားလေးစင်းဖြင့် ခရီးသည်စီးနင်းမှု လုံလောက်သည့်အခြေအနေဖြစ်သည့်အပြင် ၂၀၂၆ခုနှစ် အောက်တိုဘာလမှစတင်၍ အမှတ်(၆၁) အဆန်/(၆၂)အစုန် ရန်ကုန်-ပြည်-အောင်လံ - ပုဂံ လူစီးအမြန်ရထားသည် အဆိုပါ ရထားလမ်းအတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်သည့်အတွက် စုစုပေါင်း ရထား ခြောက်စင်း ရပ်တန့်ပေးလျက်ရှိပါကြောင်း။
အမှတ်(၇၃)အဆန်/(၇၄)အစုန် DEMU ရထားအား ပုတီးကုန်းဘူတာတွင် ရပ်တန့်မည်ဆိုပါက ဘူတာတွင်ရပ်တန့်ချိန် ၃ မိနစ်၊ ရထားအရှိန်လျှော့ချိန် ၁ မိနစ်၊ ဘူတာမှ ပြန်လည်ထွက်ခွာပြီး မူလပြေးဆွဲ ချိန်ရရှိရန် ရထားအရှိန်တင်ချိန် ၂ မိနစ် စုစုပေါင်း ၆ မိနစ် ထပ်မံကြာမြင့်မည်ဖြစ်ပါကြောင်း၊ ပုတီးကုန်း ဘူတာနှင့်နီးစပ်ရာ ဘူတာဖြစ်သည့် ပေါင်းတည်နှင့် သဲကုန်းဘူတာတို့မှ သွားရောက်စီးနင်းနိုင်ပါသဖြင့် DEMU လူစီးအမြန်ရထားအား ပုတီးကုန်းဘူတာတွင် ရပ်တန့်ပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပဲခူးမဲဆန္ဒနယ်မှ ဦးမင်းခန့်ကျော်၏ ရန်ကုန်တိုင်းဒေသကြီးပြင်ပတွင် မှတ်ပုံတင်ထားရှိသော မော်တော်ယာဉ်များကို ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ၏ လိပ်စာအတိုင်း ပြန်လည်ခွင့်ပြုပေးရန် မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မော်တော်ယာဉ်များ နယ်ဝင်ခွင့် လျှောက်ထားခြင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်ထား သော(CKD/SKD) မော်တော်ယာဉ်များအား ပြည်တွင်းထုတ်လုပ်မှုကို အားပေးကူညီသည့်အနေဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးခြင်း၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီများမှ တက္ကစီဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် တင်သွင်းလာသည့် လျှပ်စစ်သုံး တက္ကစီယာဉ်များနှင့် လျှပ်စစ်သုံး ခရီးသည်တင်ယာဉ်များကို ရန်ကုန်လိပ်စာဖြင့် လျှောက်ထားပါက အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ ရန်ကုန်- မန္တလေး- တောင်ကြီး-မော်လမြိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေးရန်နှင့် မူရင်းနိုင်ငံသို့ပြန်ပို့ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တရားဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား နိုင်ငံခြားသားရောက်ရှိခြင်း အစီရင်ခံစာ Form C/ e-Form C တိုင်ကြားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းနှင့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးမြှင့်ခြင်း ကိစ္စများအတွက် မြေပြင်တွင် အမှန်တကယ် နေထိုင်လုပ်ကိုင်ခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများ မရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ ပူးပေါင်းအဖွဲ့များဖြင့် အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဗီဇာစည်းကမ်း ဖောက်ဖျက်မှုများအား အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် ဗီဇာစည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသားများနှင့် ခိုးဝင်နိုင်ငံခြားသားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းနှင့် ပြည်နှင်ခြင်းတို့ကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပူတာအိုမဲဆန္ဒနယ်မှ ဦးရားနီ၏ ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနရုံးအား အသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ရုံး အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများအား အသစ်ပြန်လည် ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေကို နှစ်စဉ်လျာထားတင်ပြ တောင်းခံလျက်ရှိပါကြောင်း၊ ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထားတောင်းခံရာတွင် ပူတာအိုမြို့နယ်ဦးစီးမှူးရုံး အဆောက်အအုံသည် လျာထားတောင်းခံမှုတွင် မပါရှိပါကြောင်း။ ထို့ပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ရန်ပုံငွေလျာထားချက်တွင်လည်း ပါဝင်ခြင်းမရှိသောကြောင့် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိမှုအပေါ် မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးသန်းထွန်းဦး က ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စား လှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


