ဖလမ်း နိုဝင်ဘာ ၁၀
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် ခြောက်ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာ ၅၀ ရာခိုင်နှုန်း ပြုပြင်ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ အချိန်မီ ပြီးစီးအပ်နှံနိုင်ရေး ဆောင်ရွက်ရန်၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက သက်ဆိုင်ရာဌာနမှ စနစ်တကျ လွှဲပြောင်းလက်ခံရယူပြီး ဝန်ထမ်းများနေရာ ချထားနိုင်ရေးစီမံဆောင်ရွက်ရန် မှာကြားသည်။
ထိုမှတစ်ဆင့် ယာယီပြည်သူ့ဆေးရုံ ဖွင့်လှစ်ရန် ပြုပြင်နေသည့် အဆောက်အအုံများကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ချမ်းငြိမ်းမောင်က ခြောက်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာတွင် ခွဲစိတ်ကုသဌာန၊ အရိုးကုသဌာန၊ သားဖွားမီးယပ်ကုသဌာန၊ သားဖွားခန်းနှင့် ဓာတ်မှန်ဌာနအတွက် အဆောက်အအုံ ပြုပြင်နေမှုများကို လည်းကောင်း၊ ရှစ်ခန်းတွဲ နှစ်ထပ်ဆောင်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံးနှင့် ဆေးဝါး ဆေးပစ္စည်း သိုလှောင်ခန်းအတွက် ပြုပြင်နေမှု အခြေအနေကို လည်းကောင်း၊ လေးခန်းတွဲ နှစ်ထပ်ဆောင်တွင် ပြင်ပလူနာဌာန၊ ဆေးရုံအုပ်ရုံးခန်း၊ ဖျားနာကုသဆောင်၊ ကလေးရောဂါကုသဌာနနှင့် ဓာတ်ခွဲခန်းအတွက် ပြင်ဆင်ပြုပြင်နေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းအဆောက်အအုံများသည် ပြုပြင်ပြီးစီးမှု ၉၀ ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်းနှင့် လာမည့်နှစ်ဆန်းတွင် ယာယီဆေးရုံဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ သူနာပြုသိပ္ပံ သင်တန်းကျောင်းဝင်းအတွင်းရှိ သူနာပြုစာသင်ဆောင်(၂) နှစ်ထပ်ဆောင် ၈၅ ရာခိုင်နှုန်း ပြုပြင်ပြီးစီးမှုအခြေအနေနှင့် သင်တန်းခန်းမပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းအုပ်ကြီးရုံးခန်း ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှု၊ ရုံးလုပ်ငန်း ဆောင်ရွက်မှုနှင့် သင်တန်းသူအိပ်ဆောင် ပြုပြင်မှုအခြေအနေများကိုလည်းကောင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့် သူနာပြုသိပ္ပံဘွဲ့နှင်းသဘင်ခန်းမ ပြုပြင်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ခံက လုပ်ငန်း ၅၅ ရာခိုင်နှုန်း ပြုပြင်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ပစ္စည်းအရည်အသွေး၊ အဆောက်အအုံ အရည်အသွေး ကောင်းမွန်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ငန်းအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ယင်းနောက် ရာနှုန်းပြည့်ပြုပြင် ပြီးစီးသည့် ဆရာဝန်နေအိမ်၊ ဆေးရုံအုပ်နေအိမ်နှင့် အထူးကု ဆရာဝန်နေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနေထိုင်နိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ယမန်နေ့ကလည်း ဖလမ်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်၍ ဈေးရောင်းချနေမှု၊ ဈေးအတွင်း အပြင်နှင့်အသားခုံများ သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ စည်ပင်သာယာဈေးအတွင်း၌ အသားငါးနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များ ရောင်းချနေမှုနှင့် ဈေးအပြင်ဘက် စည်ပင်သာယာဆိုင်ခန်းများတွင် ဈေးရောင်းချနေမှုများကို ကြည့်ရှုကာ ဒေသခံဈေးသူ ဈေးသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


