လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၀

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် အား ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံ၍ ဂျာမနီသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သော သံရုံးယာယီတာဝန်ခံ၏ ဗီဒီယိုနှင့်ပတ်သက်၍ ခေါ်ယူသတိပေးပြောကြားခဲ့ပြီး သတိထောက်လွှာ ပေးအပ်ခဲ့သည်။

 

ထိုသို့ ခေါ်ယူတွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဂျာမနီနိုင်ငံသည် ခိုင်မာသည့် ဒီမိုကရေစီစနစ်ရှိသဖြင့် သံရုံးယာယီတာဝန်ခံအနေဖြင့် နိုင်ငံကြီးသားပီသစွာဖြင့် သံတမန်လုပ်ငန်းများကို လုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတာဝန်ယူနေပြီဖြစ်ကြောင်း၊ သံရုံးယာယီတာဝန်ခံ၏ ပြောကြားချက်သည် အိမ်ရှင်နိုင်ငံ၏ နိုင်ငံတော်အကြီးအကဲကို တိုက်ရိုက်စော်ကားရာရောက်သည့်အပြင် ရွေးကောက်ပွဲ၌ မဲပေးခဲ့ကြသည့် မြန်မာပြည်သူ ၁၃ ဒသမ ၁၃ သန်းကျော်ကို မထီမဲ့မြင်ပြုရာရောက်ကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့် နေရာရွေးချယ်မှုအပါအဝင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုမူပြောဆို ဆောင်ရွက်မှုများသည် အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရအပေါ် အတိုက်အခံပြုရန် အားပေးအားမြှောက် ပြုလုပ်နေသည့်အသွင်တွေ့ရပြီး ပြည်တွင်းမငြိမ်သက်မှု ဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန် အားပေးလှုံ့ဆော်ရာရောက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “တိုင်းပြည်တည်ငြိမ် အေးချမ်းမှုရရှိရေး”နှင့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” အတွက် ဦးစားပေးဆောင်ရွက်နေချိန်တွင် အဆိုပါလုပ်ရပ်သည် နိုင်ငံတော်တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ဝေဖန်နေခြင်းဖြစ်သဖြင့် လုံးဝ လက်မခံနိုင်ဖွယ်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို ပြည်သူများကလည်း လုံးဝနှစ်မြို့ခြင်းမရှိဘဲ ဆိုရှယ်မီဒီယာတွင် သံရုံးယာယီတာဝန်ခံအား ဝေဖန်ပြောကြားနေကြပြီဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းအပိုဒ် ၄၁ (၁)အရ စေလွှတ်သည့် နိုင်ငံ၏ သံတမန်များသည် လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန်နှင့် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တာဝန်ရှိကြောင်း၊ သံရုံးယာယီတာဝန်ခံအနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် သဘောထားကာ လက်ရှိအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိ၍ မြန်မာနိုင်ငံ၌ ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါကလည်း မိမိတို့အနေဖြင့် တားမြစ်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် ဂျာမနီနိုင်ငံနှင့် ဆက်ဆံရေးကို အလေးထားသော်လည်း အပြန်အလှန် လေးစားမှု၊ အချုပ်အခြာအာဏာညီမျှမှုနှင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုရေးတို့သည် သံတမန်ဆက်ဆံရေး၏ မရှိမဖြစ်လိုအပ်သော အခြေခံမူများဖြစ်ပြီး အတိအကျ လိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ဂျာမနီသံရုံးယာယီတာဝန်ခံ၏ လုပ်ရပ်သည် သံတမန်ရာထူးနှင့်အညီ ထိန်းသိမ်းစောင့်စည်းမှုနှင့် သတိပြုဆင်ခြင်မှုတို့ကို လိုက်နာမှုမရှိဟု မှတ်ယူကြောင်းနှင့် ယင်းကို ကန့်ကွက်ရှုတ်ချကြောင်း၊ သံရုံးယာယီတာဝန်ခံ၏ ပြောကြားချက်၊ ပြောကြားသည့်နေရာကို ရွေးချယ်မှုနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် အများပြည်သူသို့ ဖြန့်ဝေမှုတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် သို့မဟုတ် ၎င်း၏ ကိုယ်ပိုင်သဘောဆန္ဒဖြင့် ဆောင်ရွက်သည်ဆိုသည်ကို တရားဝင်‌ ဖြေရှင်းချက်ပေးရန် တောင်းဆိုကြောင်း၊ အလားတူလုပ်ရပ်မျိုး ထပ်မံလုပ်ဆောင်ခြင်း မပြုရန် ပြင်းထန်စွာ သတိပေးကြောင်းနှင့် လုပ်ဆောင်မည်ဆိုပါက အိမ်ရှင်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ရေးရာ အစဉ်အလာများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သတင်းစဉ်