ရန်ကုန် နိုဝင်ဘာ ၈
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (A) ပထမနေ့ကို နိုဝင်ဘာ ၈ ရက်က ဆက်လက်ကျင်းပရာ အိမ်ရှင်မြန်မာအသင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အာဖဂန်နစ္စတန်အသင်းက မြန်မာအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဂိုးပြတ်အရေးနိမ့်ခဲ့သဖြင့် ခြေစစ်ပွဲအောင်မြင်ရန် လက်ကျန်သုံးပွဲတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။ မြန်မာအသင်း ကစားပုံနှင့် တစ်ဦးချင်း စွမ်းဆောင်ရည်များမှာ လိုအပ်ချက်များရှိနေပြီး ပထမပိုင်းမှာပင် သုံးဂိုးအထိ ခွင့်ပြုခဲ့ရသည်။
မြန်မာအသင်းသည် လင်းလက်ထွန်း (ဂိုး)၊ ဟိန်းသန့်ချစ်ခင်၊ မျိုးဇော်လွင်၊ မြတ်သူမောင်၊ မြတ်မင်းသူ၊ ခွန်ထွန်းဝေ၊ အောင်မြတ်သာ၊ ခွန်ဝေဖြိုး၊ ပိုင်ဇေထွန်း၊ ကြည်သာ၊ ကောင်းခန့်လင်းတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ပွဲအစကိုးမိနစ်မှာပင် ကွာဒီရီက အာဖဂန်နစ္စတန်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဖာဟင်ဟာမက်စ်က ၁၅၊ ၂၂၊ ၄၉ မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့သည်။
လေးဂိုးဆက်တိုက်ပေးလိုက်ရသည့် မြန်မာအသင်း လက်ကျန်မိနစ်များတွင် ရုန်းကန်ခဲ့ပြီး ၅၆ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သက်နိုင်ဦး က ချေပဂိုးတစ်ဂိုး ပြန်သွင်းသော်လည်း လက်ကျန်မိနစ်များတွင် ဂိုးထပ်မသွင်းနိုင်သဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
စတားစီးတီးကွင်း၌ ကျင်းပသည့်ပွဲတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
အုပ်စု (A) ဒုတိယနေ့ကို နိုဝင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ စတားစီးတီးကွင်း၌ ကမ္ဘောဒီးယားအသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF


