ရန်ကုန် နိုဝင်ဘာ ၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့ကကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၃) ဒုတိယနေ့ကို နိုဝင်ဘာ ၈ ရက်က ဆက်လက်ကျင်းပရာ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်း နိုင်ပွဲကိုယ်စီရရှိခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ငါးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဇယားထိပ်ဆုံးရောက်လာပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်း အမှားမခံဘဲ လက်ကျန်ပွဲများကိုအာရုံစိုက်ပြီး အမှတ်ပြည့် ရယူလျက်ရှိသည်။ ယခုပွဲတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ခြေစွမ်းပြပြီး ဂိုးပြတ်ရလဒ်နှင့်အတူ အနိုင်သုံးမှတ်ရယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းပြီးခါနီးမှ အဖွင့်ဂိုးရသော်လည်း ဂိုးပြတ်နိုင်ပွဲ ဖန်တီးနိုင်ခဲ့ပြီး ၄၅+၄ မိနစ်တွင် ဇွဲနိုင်ဝင်း၊ ၅၇ မိနစ်တွင် ဇေထက်အောင်၊ မိနစ် ၆၀ တွင် အောင်မျိုးမင်း၊ ၆၇၊ ၈၄ မိနစ်တွင် ခွန်းချိုထူးတို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ ဇေထက်အောင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။
သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက သစ္စာအားမာန်အသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပထမအကျော့တွင် ဂိုးမရှိသရေကျခဲ့သော်လည်း အား/ကာသိပ္ပံအသင်းသည် ဂိုးပြတ်နိုင်ပွဲရယူပြီး ရန်ကုန်ယူနိုက်တက်အသင်းကို ဖိအားပေးလျက်ရှိသည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၂၀ တွင် ကောင်းခန့်ကျော်၊ ၃၄၊ ၆၄ မိနစ်တွင် စစ်ငြိမ်းချမ်းဦးတို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို အား/ကာသိပ္ပံအသင်းမှ ကောင်းခန့်ကျော်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် နှစ်သိန်းရရှိသည်။
ပွဲစဉ်(၂၃) တတိယနေ့ကို နိုဝင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ ဗဟန်းကွင်း၌ Falcon အသင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊
ဓာတ်ပုံ-YUFC


