၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

 

အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (B) ၌ ဆက်လက်ကျင်းပသည်။

 

အဆိုပါဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်အတူ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသားပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေး ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကာကွယ် ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 

ဆက်လက်၍ အမျိုးသမီးပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

 

နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီမှစတင်၍ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသား ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအသင်း၊ သာသနာရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအသင်း၊ အမျိုးသမီးပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်