တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးရှိဝန်ထမ်းများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား၊ ဗီယင်ကျန်းမြို့ရှိ အထင်ကရနေရာများအား သွားရောက်လေ့လာ

နေပြည်တော်၊ နိုင်ဝင်ဘာ - ၄

 

လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးသို့ ရောက်ရှိကြရာ စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် မြန်မာစစ်သံရုံးရှိ ဝန်ထမ်းများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရာ ဦးစွာ စစ်သံမှူး၊ စစ်သံရုံး ဝန်ထမ်းများနှင့် သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်ကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ - လာအိုနှစ်နိုင်ငံသည်  အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုများရှိခဲ့ကြောင်း၊ ထို့အပြင် အာဆီယံအဖွဲ့သို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံအပြန်အလှန် ရပ်တည် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းအပြင် မိမိတို့နှစ်နိုင်ငံသည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ များစွာတူညီကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များတွင် ချစ်ကြည်ရင်းနှီးမှုဖြင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် မိတ်ဖက် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူရသည့် ကဏ္ဍအလိုက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရာတွင် ပေးအပ်သည့် တာဝန်များကိုကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်သံရုံးသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် သံတမန်အရ အထောက်အကူပြုနိုင်ရန်နှင့် တပ်မတော်အချင်းချင်း ဆက်ဆံမှုတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သဖြင့်  တာဝန်ပေးအပ်ရာတွင်လည်း အရည်အချင်း၊ စိတ်ဓာတ်စည်းကမ်းအရ အဆင့်ဆင့်စိစစ်၍ နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာရှိစွာ အမှုထမ်းနိုင်သူများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် တာဝန်ထမ်းဆောင်ခွင့်ရခြင်းဖြင့် သားသမီးများ၏ ပညာရေးနှင့် အသိအမြင် ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင်ပေးနိုင်မည်ဖြစ်၍ အကျိုးရှိစွာ အသုံးချနိုင်ရန် လိုကြောင်း။

 

 သင်တန်းသားများအနေဖြင့် တပ်မတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ် အတွက် ရင်းနှီးမြုပ်နှံမှုဖြစ်၍ သင်ယူနေသော ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ကြားကြရန်လိုကြောင်း၊ သင်ကြားပေးသည့် အတတ်ပညာများကို အလေးအနက်ထား သင်ယူသွားကြရန်လိုပြီး အမြဲမပြတ် လေ့လာအားထုတ် နေကြရမည်ဖြစ်ကြောင်း၊ သင်ယူရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများတွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ မိမိနိုင်ငံအတွက် အားကိုးရသည့်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် တာဝန်ထမ်းဆောင်ချိန်နှင့် သင်တန်း ကာလတစ်လျှောက်တွေ့ကြုံရသည့် နိုင်ငံတကာ ဆက်ဆံရေးအတွေ့ အကြုံကောင်းများကို ကောင်းမွန်စွာရရှိရေး လေ့လာသင်ယူသွားရန်လိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ပြဌာန်းထားသည့် ဥပဒေနှင့် စည်းကမ်းများကိုလည်း တိကျစွာ လိုက်နာစောင့်ထိန်းရန်နှင့် ၎င်းတို့၏ ဘာသာ၊ယဉ်ကျေးမှု စံနှုန်းများကိုသိရှိပြီး လေးစားတန်ဖိုးထား ကြရန်လည်း လိုကြောင်း၊ မိမိဘဝအတွက်၊ မိမိလူမှုအဖွဲ့အစည်းအတွက်နှင့် မိမိတပ်မတော်အတွက် ပတ်ဝန်းကျင်မှ ကောင်းမွန်သော အလေ့အထများကို အတုယူ ကျင့်ကြံ သွားရန်လိုကြောင်း၊ ၊ နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာ စကားကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ယူသွားရန်နှင့် ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ဥပဒေများကို သိရှိအောင် လေ့လာ၍ စည်းကမ်းနှင့်အညီ နိုင်ငံနှင့်တပ်မတော်၏ ဂုဏ်သိက္ခာအတွက် စနစ်တကျ နေထိုင်သွားကြရန်လိုကြောင်း၊ နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံတော်၊ တပ်မတော်နှင့် မိသားစုအပေါ် သစ္စာစောင့်သိကြရန် လိုကြောင်းနှင့် အခြား လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။

 

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယင်ကျန်း မြို့ရှိ That Luang ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျောင်းဝန်း အတွင်းရှိ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ၏ ဗိသုကာအနုပညာလက်ရာများ၊ လာအိုဘုရင်ဟောင်းများ၏ ရုပ်တုများအား စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လေ့လာကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး ဘုရားကျောင်း ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။

 

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဟောင်း ဗိသုကာလက်ရာများနှင့် ဗုဒ္ဓဆင်းတုတော်များ ကင်းဝပ်စံပယ်ရာ Wat Si Saket ဘုရားကျောင်းသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် လာအို ဗုဒ္ဓဘာသာ အသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Masenai  အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းပိဋကတ်တိုက်အတွင်း ပေစာနှင့် ကျမ်းစာများ စနစ်တကျ ထိန်းသိမ်း ထားရှိမှုနှင့် လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာလက်ရာများနှင့် သမိုင်းဝင် အမွေအနှစ်များကို လှည့်လည်ကြည့်ရှုလေ့လာကြကြောင်းသတင်းရရှိသည်။

 

သတင်းစဉ်