နေပြည်တော် နိုဝင်ဘာ ၃
လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ထွက်ခွာသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံ Wattay အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanhthong Boudtavong နှင့်ဇနီး၊ နိုင်ငံခြားဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူးနှင့် ဇနီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကိုနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ရာဇာထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ချစ်ကြည်ရေး ခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး လာအိုနိုင်ငံရှိ အထင်ကရနေရာများကို လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


