နေပြည်တော် နိုဝင်ဘာ ၂
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျင်းပ
အစည်းအဝေးကို မိုးစပါးနှင့် မိုးသီးနှံအတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဓာတ်မြေဩဇာ ဖြန့်ဖြူးမှု၊ သုံးစွဲမှုကို သုံးသပ်ရန်၊ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုး ချိန်အမီ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ရည်ညွှန်းဈေးနှုန်း သတ်မှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ဓာတ်မြေဩဇာ လိုအပ်ချက်စာရင်း တောင်းထားပြီး အသင်းအနေဖြင့် အချိန်မီ တင်သွင်းဖြန့်ဖြူးပေးနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် အစီအမံ တင်ပြရန်လိုပါကြောင်း၊ ယခုနှစ် မိုးစပါးနှင့် မိုးသီးနှံဓာတ်မြေဩဇာ အသုံးပြုမှုများကို စာရင်းဇယား အချက်အလက် မှန်ကန်အောင် စိစစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီများအနေဖြင့် ဓာတ်မြေဩဇာအမှန်သုံးစွဲမှု၊ ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများကို စောင့်ကြည့်ရန်၊ လိုအပ်ချက် ဖြည့်ဆည်းပေးရန်၊ တရားမဝင် တင်သွင်းမှုများ မရှိစေရန်နှင့် ဓာတ်မြေဩဇာအရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေး၊ တောင်သူများ ဓာတ်မြေဩဇာသုံးစွဲနိုင်မှု အခြေအနေ၊ မြို့နယ်အလိုက် အရောင်းဆိုင်စာရင်းနှင့် လက်ကျန်စာရင်းများကို စစ်ဆေးပြီး လစဉ်တင်ပြချက်တွင် ထည့်သွင်းတင်ပြရန်၊ အဖွဲ့ဝင်ဌာနများကလည်း ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးရန်နှင့် မိမိတို့ ရည်ရွယ်ချက်အတိုင်း အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်ဝစေရေး၊ သက်သာသော ဈေးနှုန်းဖြင့် တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူ အသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီ အတွင်းရေးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် မိုးစပါး မိုးသီးနှံအတွက် ဓာတ်မြေဩဇာဖြန့်ဖြူးမှု နှိုင်းယှဉ်ချက်များကို လည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဓာတ်မြေဩဇာဝယ်ယူ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေနှင့် ဆက်လက် တင်သွင်းမည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ပြောကြား
ထို့ပြင် ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


