M-League II ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း သုံးပွဲဆက်အနိုင်ရ

ရန်ကုန်     အောက်တိုဘာ    ၂၉

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League II ပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို အောက်တိုဘာ ၂၉ ရက်က တက္ကသိုလ်ကွင်း၌ကျင်းပရာ ရခိုင်ယူနိုက်တက်အသင်းက Elite Kings အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

လာမည့်ရာသီတွင် M-League သို့ တန်းပြန်တက်နိုင်ရန် ကြိုးပမ်းနေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ရာသီအစ သုံးပွဲဆက်တိုက် အနိုင်ယူပြီး  ရာနှုန်းပြည့်နိုင်ပွဲ ရယူနိုင်ခဲ့သည်။ အသင်းသစ်ဖြစ်သော  Elite Kings  အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော်လည်း   ဒုတိယပိုင်းတွင်  ဂိုးများပြန်ပေးရကာ အရေးနိမ့်ခဲ့ပြီး သုံးပွဲဆက်တိုက်  အရေးနိမ့်ကာ ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ ရခိုင်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ၄၉ မိနစ်တွင် ဝေမင်းထွဋ်၊    မိနစ်   ၅၀   တွင် ထွန်းနိုင်စိုး၊ ၇၅၊ ၈၆ မိနစ်တို့တွင်  ဇော်ဇော်နိုင်က  သွင်းယူပြီး  Elite Kings အသင်းအတွက်  ဂိုးများကို   ၄၂   မိနစ်တွင် မင်းမြတ်စိုး၊ ၇၆ မိနစ်တွင် ခွန်ဝင်းထွဋ်တို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရခိုင် ယူနိုက်တက်တိုက်စစ်မှူး ထွန်းနိုင်စိုးက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ် (၃) တတိယနေ့ကို အောက်တိုဘာ ၃၀ ရက် တက္ကသိုလ်ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး Asia Lion အသင်းနှင့် VUE နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                                    

သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ - M-League