ချင်းပြည်နယ်အတွင်းရှိ လမ်းများ၊ အဆောက်အအုံများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဟားခါး အောက်တိုဘာ ၂၉

 

ချင်းပြည်နယ်အတွင်းရှိ လမ်းများ၊ အဆောက်အအုံများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများနှင့် ရာသီဥတု ပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် အဖွဲ့ခေါင်းဆောင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် အဖွဲ့ဝင် ပညာရှင်များ ချင်းပြည်နယ် ရောက်ရှိလာသည့် အချိန်ကာလအတွင်း ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အင်ဂျင်နီယာနည်းပညာပိုင်း အပြင် စီမံခန့်ခွဲရေးပိုင်းတွင်လည်း တတ်သိပညာရှင်များ ဖြစ်သောကြောင့် ချင်းပြည်နယ်အတွင်း ဆောက်လုပ်ထားသည့် လမ်းများ၊ အဆောက်အအုံများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်မည့် နည်းလမ်းများနှင့် ရာသီဥတု ပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စပ်လျဉ်းပြီး ဆက်စပ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တတ်သိပညာရှင်များ ရှိနေချိန် ပြုလုပ်ရသည့်အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်သည့်အတွက် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေး ပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ချင်းပြည်နယ်အတွင်း လမ်းများ၊ အဆောက်အအုံများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ရာသီဥတု ပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးသန်းထူးအောင်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းတို့က ချင်းပြည်နယ်အတွင်း လမ်းများ၊ အဆောက်အအုံများ ရေရှည် တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှု ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးတက် ရောက်လာကြသည့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အကြံပြု ဖြည့်စွက်ဆွေးနွေး မေးမြန်းကြပြီး မေးမြန်းချက်များ အပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)