M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရတနာပုံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း နိုင်ပွဲရရှိ

ရန်ကုန်     အောက်တိုဘာ    ၂၉

၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၉ ရက်က ဆက်လက်ကျင်းပရာ  ရတနာပုံအသင်းနှင့်  ဒဂုံစတားယူနိုက်တက်အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

ဗဟန်းကွင်း၌  ကျင်းပသည့်ပွဲတွင်  ရတနာပုံအသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရတနာပုံအသင်းသည် ဒုတိယပိုင်းတွင်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို မိနစ် ၇၀ တွင် Sa Htunt Awar က သွင်းယူသည်။ သီဟဒီပကွင်း၌ ကျင်းပသည့် ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက  မြဝတီအသင်းကို  နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် နောက်မှလိုက်ကစားရသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးသွင်းယူကာ တတိယနေရာ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ မြဝတီအသင်းအတွက်  ဦးဆောင်ဂိုးကို ၁၉ မိနစ်တွင် မျိုးမင်းခန့်က သွင်းယူပြီး   ဒဂုံစတားယူနိုက်တက်အသင်းအတွက်   ချေပဂိုးကို ၆၆ မိနစ်တွင်   ညီနိုင်၊ အနိုင်ဂိုးကို  ၇၆ မိနစ်တွင် ဇေဘိုဘိုထွဋ်က သွင်းယူသည်။

ထိပ်ဆုံးနေရာပြောင်းလဲခဲ့

ပွဲစဉ် (၂၁)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၄၉ မှတ်၊ အား/ကာသိပ္ပံအသင်းက ၄၇ မှတ်၊   ဒဂုံစတားယူနိုက်တက်အသင်းက   ၄၆  မှတ်ဖြင့်   ထိပ်ဆုံးသုံးနေရာတွင် ရပ်တည်နေသည်။ ယခုတစ်ပတ်အပြီးတွင် ထိပ်ဆုံးနေရာပြောင်းလဲခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း ထိပ်ဆုံးနေရာ လွှဲပြောင်းရယူနိုင်ခဲ့သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - YDNBFC