ညောင်ရွှေ အောက်တိုဘာ ၂၉
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီအပူဇော်ခံပြီး (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်) ယနေ့နံနက်ပိုင်းက မူလစံကျောင်းတော်သို့ ပြန်လည်ကြွဝင်သည့် အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် စွမ်းအင်သုံးစွဲမှုလျှော့ချနိုင်ရေး၊ အင်းရေပြင်တွင် စက်ဆီများညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အင်းလေးအစုအဖွဲ့မှ ဆောင်ရွက်ထားသော EV စက်လှေဖြင့် အင်းလေးဒေသ ထွက်ကုန်ဖြစ်သည့် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီး သယ်ဆောင်ပေးပို့မှု သရုပ်ပြသခြင်း၊ အင်းလေးဒေသရိုးရာဆွမ်းပို့လှေများ သရုပ်ပြသခြင်း၊ လှေယဉ်အလှအကအဖွဲ့များက ကပြဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်များ ကရဝိက်ဖောင်တော်ဖြင့် ကြွချီလာရာ ရုပ်ပွားတော် ပထမအဆူကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယအဆူကို ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ တတိယအဆူကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စတုတ္ထအဆူကိုပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပင့်ဆောင်ကြပြီး မူလကိန်းဝပ် စံပယ်တော်မူသည့် ပလ္လင်ပေါ်သို့ ပင့်ဆောင်ပေးကြသည်။
ထို့ပြင် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ အမျိုးသား ၄၆ တက်၊ အမျိုးသားရာကျော်လှေ၊ အမျိုးသမီး ၂၆ တက်၊ ကျောင်းသား ၂၆ တက်၊ ကျောင်းသားတစ်ဦးချင်း လှေလှော်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများ ယှဉ်ပြိုင်ရာ ပြိုင်ပွဲဝင်အသင်းများက စည်းလုံးညီညွတ်မှုအားဖြင့် ကြိုးစားယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ခရီးသွားဘုရားဖူးဧည့်သည်များက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ လှေယဉ်၊ ဆွမ်းပို့လှေ ဂုဏ်ပြုဆုများကို အင်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က လည်းကောင်း၊ အမျိုးသား ၄၆ တက် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် တစ်ဦးချင်း ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ ကျောင်းသား ၂၆ တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း၊ အမျိုးသား ၄၆ တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသမီး ၂၆ တက်ပြိုင်ပွဲတွင် ဒုတိယ၊ ပထမ ဆုရရှိသူများကို ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား ရာကျော်လှေပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲကို နောင်အင်းလေး သီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


