ရန်ကုန် အောက်တိုဘာ ၂၉
ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် 40th ASEAN Senior Amateur Championship 2026 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာစီနီယာ အပျော်တမ်းဂေါက်သီးရိုက်အသင်းသည် အသင်းလိုက်ပြိုင်ပွဲများတွင် တံခွန်စိုက်ချန်ပီယံဆု အပါအဝင် အောင်မြင်မှုရယူနိုင်ခဲ့သလို တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ဆုများ ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲတွင် အသင်းလိုက် အကျောပေးပြိုင်ပွဲ၌ ဦးလှမြင့်ရွှေ(MGF)၊ ဦးတင်မောင်မောင်ဝင်း(MGF)၊ ဦးဝင်းမြင့်ချင်း(MGF)၊ ဦးကိုကိုအောင်၊ ဦးစိုင်းအိုက်အောင်နှင့် ဦးဆန်းအောင်တို့ပါဝင်သော မြန်မာအသင်းက ပထမဆု ဆွတ်ခူးရရှိခဲ့သည်။ အသင်းလိုက် အကျောမဲ့ပြိုင်ပွဲ၌ ဦးကိုကိုအေး (MGF)၊ ဦးအိုက်ပန်း (MGF)၊ ဦးစိုး(မန္တလေး)၊ ဦးစိုင်းဖိလစ်ရီ၊ ဦးဆန်းမင်းနှင့် ဦးအောင်လင်းတို့ ပါဝင်သော မြန်မာအသင်းက ဒုတိယဆုရရှိခဲ့သည်။ ထို့ပြင် Stableford ပြိုင်ပွဲ၏ သက်တမ်းအလိုက် အသင်းလိုက်ပြိုင်ပွဲတွင် ဗိုလ်ချုပ်ဝင်းလှိုင်(ငြိမ်း)MGF၊ ဦးအောင်ကြည်(MGF)၊ ဦးခင်မောင်တင့်၊ ဦးရွှေထွန်းလှိုင်၊ ဦးအောင်ဝင်း၊ ဦးကျော်ထွန်း၊ ဦးလွှမ်းအောင်နှင့် ဦးကျော်နိုင်ဝင်းတို့ ပါဝင်သော မြန်မာအသင်းက တတိယဆု ဆွတ်ခူးရရှိခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲများတွင်လည်း ဆုများရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ASEAN Senior Amateur Golf Associations အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကျင်းပသည့် 40th ASEAN Senior Amateur Championship 2026 ပြိုင်ပွဲတွင် အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရရှိခဲ့ခြင်းသည် မြန်မာစီနီယာအပျော်တမ်း ဂေါက်သီးရိုက်အားကစား၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံများကို ထင်ဟပ်စေခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံရှိ Eagle Ridge Golf and Country Club ၏ Nick Faldo နှင့် Andy Dye ဂေါက်ကွင်းများတွင် ကျင်းပခဲ့ပြီး အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ အသက် ၅၅ နှစ်နှင့်အထက် စီနီယာအပျော်တမ်း ဂေါက်သီးရိုက်အားကစားသမား စုစုပေါင်း ၂၆၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း-မောင်စံကြီး
ဓာတ်ပုံ-MGF


