နေပြည်တော် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၂၉/၆ မှ ၃၀/၄ အတွင်းရှိ ညောင်ပင်သာ ပန်းတာအား ပွင့်လင်းရာသီတွင် အခိုင်အမာ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာ ၂၆ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစဉ် တာကိုယ်ထည် ကြံ့ခိုင်မှု ရှိစေရန်အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ မြေသားကောင်းများကို ရွေးချယ်၍ ဖို့ကြိတ်ရန်၊ တာတမံများ ရေရှည်တည်တံ့ ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသော တာတမံဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ တာတမံ နယ်နိမိတ်အတွင်း တာတမံဥပဒေပါ တားမြစ်ချက်များနှင့် မလွတ်ကင်းသော ဆောင်ရွက်ချက်များ၊ ကြံ့ခိုင်မှုကို ထိခိုက် စေနိုင်သည့် ကျူးကျော်လုပ်ဆောင်မှု များကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်တားဆီးသွားရန်၊ တာတမံ ကြံ့ခိုင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၅ မှ ၁၃/၃ မိုင်ကိုလည်းကောင်း၊ မအူပင်မြို့နယ် ထနီးရေတံခါးနှင့် လှိုင်းတာရေတံခါးတို့ ၏ ကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း၊ သန်လျင်မြို့နယ် ဇာမဏီအင်းရေလှောင်တမံနှင့် ကျောက်တန်းမြို့နယ် ဘန့်ဘွေး ကုန်းရေလှောင်တမံ ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


