လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံ့ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးဆီသို့ . . .

ဒေါက်တာစိုင်း(နည်းပညာ)

လူသားအရင်းအမြစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် သဘာဝသယံဇာတပေါကြွယ်ဝမှု၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး အရင်းအနှီးများ ပိုင်ဆိုင်မှုတို့က အရေးပါသကဲ့သို့ အရည်အသွေးမြင့် လူသားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်မှုသည်လည်း အဓိကကျသော အခြေခံအချက် တစ်ရပ် ဖြစ်သည်။

သဘာဝသယံဇာတများသည် အကန့်အသတ်ရှိနိုင်သော်လည်း လူသားတို့၏ အသိပညာ၊ ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်တို့ကို စဉ်ဆက်မပြတ် မြှင့်တင်နိုင် သည်။ ထို့ကြောင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတစ်နိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် ရှုမြင်ကြခြင်း ဖြစ်ပါသည်။

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး၌ နိုင်ငံတော်သမ္မတက အရည်အသွေးမြင့် လူသားအရင်းအမြစ်များ မွေးထုတ်ရေး၊ ကုန်ထုတ် စွမ်းအားနှင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးရေးနှင့် အလုပ်လုပ်ကိုင်နေသူများ၏ လုပ်ငန်းကျွမ်းကျင်မှုများ မြှင့်တင်ရေးတို့ကို အလေးထား လမ်းညွှန်ခဲ့သည်။ အဆိုပါလမ်းညွှန်ချက်များသည် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို အပြန်အလှန်ဆက်စပ်နေသော လုပ်ငန်းစဉ်များအဖြစ် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။

လူဦးရေဖွဲ့စည်းပုံနှင့် လုပ်သားအင်အားစု၏ အရေးပါမှု

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် လူဦးရေစုစုပေါင်းထက် အလုပ်လုပ်ကိုင်နိုင် သည့် အသက်အရွယ်ရှိ လူဦးရေ၊ အမှန်တကယ် လုပ်သားအင်အားစုအတွင်း ပါဝင်နေသူများနှင့် ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်တို့သည် အထူးအရေးပါသည်။ အလုပ်လုပ်ကိုင်နိုင်သည့် အသက် အရွယ်ရှိ လူဦးရေများပြားခြင်းသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်နိုင်သော်လည်း သင့်လျော်သော အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေးနှင့် ကျွမ်းကျင်မှုများ မဖန်တီးပေးနိုင်ပါက မျှော်မှန်းထားသည့် အကျိုးကျေးဇူးများကို အပြည့်အဝရရှိနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လူဦးရေဖွဲ့စည်းပုံ၊ အလုပ်သမား ဈေးကွက်လိုအပ်ချက်နှင့် ဒေသအလိုက် စီးပွားရေး အခွင့်အလမ်းများကို စနစ်တကျ လေ့လာဆန်းစစ်ရန် လိုအပ်သည်။ လူငယ်များ၊ အမျိုးသမီးများနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် ဒေသများရှိ ပြည်သူများအတွက် ပညာရေး၊ ကျွမ်းကျင်မှု သင်တန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းသည်လည်း အရေးပါသည်။

ပညာရေး၊ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်တို့ကို ချိတ်ဆက်ခြင်း

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကရည်ရွယ်ချက်မှာ ပညာတတ်ဦးရေ တိုးပွား လာစေရန်သာမက သင်ယူတတ်မြောက်ထားသော အသိပညာနှင့် ကျွမ်းကျင်မှုများကို လက်တွေ့ဘဝ နှင့် လုပ်ငန်းခွင်များတွင် ထိရောက်စွာအသုံးချနိုင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရန်ဖြစ်သည်။ အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင် ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် နည်းပညာ ကျွမ်းကျင်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ငန်း၊ အထည်ချုပ် (CMP)၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းများအတွက် ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒေသ အလိုက်နှင့် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်များကိုလေ့လာ၍ လက်တွေ့ကျွမ်းကျင်မှုအခြေပြု သင်တန်းများဖွင့်လှစ်ပေးရန် လိုအပ်ပါသည်။ နည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးအဖွဲ့ အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်း၍ လုပ်ငန်းခွင်လိုအပ်ချက်ရှိသည့် ကျွမ်းကျင်သင်တန်း များဖွင့်လှစ်ရေး၊ လုပ်ငန်းခွင်လက်တွေ့ လေ့ကျင့်ရေး၊ အလုပ်သင်အစီအစဉ်များနှင့် အလုပ်အကိုင် ချိတ်ဆက်ပေးရေးအစီအစဉ်များ ဖော်ဆောင်ခြင်း သည် ပညာရေးမှအလုပ်အကိုင်သို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။

လုပ်ငန်းခွင်ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ်သင်ယူမှု

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းသားလူငယ်များအတွက်သာ ရည်ရွယ်သည့် လုပ်ငန်းစဉ်မဟုတ်ဘဲ လက်ရှိလုပ်ငန်းခွင်များတွင် တာဝန်ထမ်းဆောင်နေသူများ၏ ကျွမ်းကျင် မှုများကိုလည်း စဉ်ဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်သည်။ ဒီဂျစ်တယ်နည်းပညာ၊ ဉာဏ်ရည်တု နည်းပညာ၊ စက်မှုအလိုအလျောက်ထိန်းချုပ်မှုနှင့် ထုတ်လုပ်မှု နည်းပညာအသစ်များသည် လုပ်ငန်း ခွင်ပုံစံများကို ပြောင်းလဲစေလျက်ရှိသည်။

ထိုပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လုပ်ငန်းခွင်ကျွမ်းကျင်မှုမြှင့်တင်ခြင်းနှင့် ကျွမ်းကျင်မှုအသစ်များ ပြန်လည်လေ့ကျင့် ပေးခြင်းတို့ကို အလေးထားဆောင်ရွက်ရမည် ဖြစ်သည်။ ကျွမ်းကျင်မှုမြင့်မားလာခြင်းသည် အချိန်ကုန်သက်သာစေခြင်း၊ အမှားအယွင်းနှင့် အလေ အလွင့်များ လျော့နည်းစေခြင်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေခြင်းတို့ကို အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် စဉ်ဆက်မပြတ် သင်ယူမှုကို အလေ့အထကောင်းတစ်ရပ် အဖြစ် မြှင့်တင်ရန်လိုအပ်သည်။

သင်တန်းသားနည်းပါးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေး

နိုင်ငံတော်နှင့် ပုဂ္ဂလိက TVET ဆိုင်ရာ ကျွမ်းကျင်သင်တန်းများကို အရင်းအနှီးများစွာ အသုံးပြု ဖွင့်လှစ်ပေးသော်လည်း အမှန်တကယ်သင်တန်း တက်ရောက်မည့် သင်တန်းသားရှားပါးမှုသည် လည်း ကြုံတွေ့ရတတ်ပါသည်။ သင်တန်းများက မိမိတတ်ကျွမ်းသည့် ဘာသာရပ်သင်တန်းကိုသာ ဖွင့်လှစ်ပေးခြင်းဖြင့် လုပ်ငန်းခွင်လိုအပ်ချက်နှင့် လွဲမှားနေတတ်ကြပါသည်။

KG + 9 ပြီးအောင် မသင်ကြားနိုင်ကြသည့် လူငယ်ကျောင်းသားအများစုသည် မိသားစု အထောက်အကူပြုရန် ကျရာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး သင်တန်းသုံးလ တက်ရောက်ရမည့်ကိစ္စမှာလည်း ယင်းမိသားစု၊ လူငယ်များတွင် စိန်ခေါ်မှုဖြစ်နေသလို ကျွမ်းကျင် သင်တန်းပြီးပါက အလုပ်အကိုင်တန်းရမည်ဆိုပါက ပိုမိုအဆင်ပြေနိုင်ပါသည်။

သို့ဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးသည် သင်တန်းများဖွင့်လှစ်ပေးခြင်း တစ်ခု တည်းဖြင့် ပြည့်စုံနိုင်မည်မဟုတ်ပေ။ အလုပ်အကိုင်သစ်များ ပေါ်ပေါက်လာစေရန် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတိုးမြှင့်ရေး၊ စွန့်ဦးတီထွင်လုပ်ငန်းများ အားပေးရေးနှင့် လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးတို့ကို တစ်ပြိုင်နက် ဆောင်ရွက်ရန်လိုအပ်သည်။

လူသားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အနာဂတ်ကို တည်ဆောက်ခြင်း

ပညာရေးမှ ကျွမ်းကျင်မှု၊ ကျွမ်းကျင်မှုမှ အလုပ်အကိုင်၊ အလုပ်အကိုင်မှ ကုန်ထုတ်စွမ်းအားနှင့် ကုန်ထုတ်စွမ်းအားမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသို့ ဆက်စပ်နေသော လုပ်ငန်းစဉ်များကို ဟန်ချက်ညီညီ ဖော်ဆောင်သွားရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်တွင် အစိုးရဌာနများ၊ ပညာရေးအဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများအားလုံး၏ ပူးပေါင်း ပါဝင်မှုသည် အရေးပါသည်။

ဆောင်ရွက်ချက်များ၏ အောင်မြင်မှုကို သင်တန်းဆင်းဦးရေ၊ အလုပ်အကိုင်ရရှိမှု၊ လုပ်သား တစ်ဦးချင်းစီ၏ ကုန်ထုတ်စွမ်းအားနှင့် လုပ်ငန်းများ၏ အရည်အသွေးတိုးတက်မှုတို့ဖြင့် စနစ်တကျ စောင့်ကြည့်အကဲဖြတ်ရန် လိုအပ်သည်။ အရည်အသွေးမြင့် လူသားအရင်းအမြစ်များ မွေးထုတ် နိုင်ခြင်း၊ ကျွမ်းကျင်မှုနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ နည်း ပညာနှင့် တီထွင်ဆန်းသစ်မှုများကို လက်တွေ့အသုံးချနိုင်ခြင်းတို့သည် နိုင်ငံ့ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကသော့ချက်များပင် ဖြစ်ကြောင်း ရေးသားအပ်ပါသည်။ ။