ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး “နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ရရှိရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိရေးနှင့် မိမိနိုင်ငံ၏ ထုတ်ကုန်များ ဈေးကွက်ရရှိရေးတို့အတွက် အစိုးရ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ၊ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်အများအပြားတင်သွင်းနေရမှုများ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်မှုများကိုလည်း အဖြေရှာ၍ ဖြေရှင်းပေးရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးတည်ချက်ထားပြီး အမြဲမပြတ် ကြိုးပမ်းအကောင်အထည်ဖော်နေသည်ကို တွေ့မြင်ရသည်။ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ယခင်ကြုံတွေ့ခဲ့ရသော စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲနှင့် သင်ခန်းစာများကို ဆန်းစစ်ဖော်ထုတ်ပြီး သုံးသပ်အဖြေရှာဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။ စီးပွားရေးတိုးတက်မှ နိုင်ငံတည်ငြိမ်အေးချမ်းသာယာဝပြောပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများအသုံးပြု၍ သုတေသနပြု လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် အမှန်တကယ် အလုပ်လုပ်ကြရန်နှင့် စွမ်းအားပြည့် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများ ဖော်ဆောင်ပေးရန်လိုအပ်သည်။ လိုအပ်သည့်သွင်းအားစုများကို ဖြည့်ဆည်းပေးပြီး အမှန်တကယ် အလုပ်လုပ်ကြမည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ တိုးတက်ပြီး ထိုမှတစ်ဆင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ကာ ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ ပညာရေးအဆင့်မြင့်မားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းကို တိုက်ရိုက်အကျိုးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်မှု အားကြီးသည့်အတွက် ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။
စီးပွားရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သည့် တိုးတက်မှုများရရှိရန် လိုအပ်နေဆဲဖြစ်သည်။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့်ပတ်သက်၍ နယ်စပ်ကုန်သွယ်မှုတွင် အချို့သောနယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် တရားမဝင် ကုန်သွယ်မှုလမ်းကြောင်းများမှ ကုန်သွယ်မှုမရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ကုန်သွယ်မှုများကို ရာနှုန်းပြည့် အားကိုး၍မရနိုင်ဘဲ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်အခများမရရှိသည့်အပြင် နိုင်ငံသားများအနေဖြင့်လည်း အရည်အသွေးပြည့်မီမှုမရှိသည့်၊ အာမခံချက်မရှိသည့် ကုန်ပစ္စည်းများကို သုံးစွဲနေကြရသည်။ ထို့ပြင် တရားမဝင်လမ်းကြောင်းများမှ လက်နက်ကိုင်သောင်းကျန်းသူများကို ငွေကြေးပေးပြီး သွားလာသယ်ဆောင်နေကြသည်ဖြစ်၍ သူခိုးဓားရိုးကမ်းသကဲ့သို့ ဖြစ်လျက်ရှိသည်။ ရရှိသည့်ငွေကြေးများဖြင့် ၎င်းတို့၏အင်အားများကို တိုးချဲ့တည်ဆောက်လျက်ရှိပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေသည်။ ထို့ပြင် ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေသည်။
သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုများ မဖြစ်စေရေးအတွက် သက်ဆိုင်ရာ နယ်မြေဒေသများအလိုက် စနစ်တကျ ဖော်ထုတ်ထိန်းသိမ်း တားဆီးသွားရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်စောင့်ရှောက်သွားရန် လိုအပ်သည်။ ပုံမှန်ကုန်သွယ်ရေး လုပ်ငန်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများတွင် တင်ပို့ရောင်းချနိုင်သည့် ဈေးကွက်သစ်များ ရှာဖွေဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ တရားဝင်လမ်းကြောင်းများမှသာ ဆောင်ရွက်သွားကြရန် လိုအပ်သည်။ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် စိစစ်ဖော်ထုတ်သွားရန် တာဝန်ရှိသည့်အဖွဲ့အစည်းများက ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။


