လေးမျက်နှာ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ ရေကြီးနစ်မြုပ်မှုဖြစ်စဥ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ရေကြီးနစ်မြုပ် လယ်မြေများတွင် ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာစိုက်ပျိုးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အောက်တိုဘာ ၂၈ ရက်က မြို့နယ်အထွေထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်က ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် နေကြာစိုက်ဧကများ လျာထားချက်ပြည့်မီအောင် အလေးထားစိုက်ပျိုးသွားရန်၊ ရေနစ်မြုပ်ဧကများအတွက် ထောက်ပံ့ပေးလျက်ရှိသော မတ်ပဲမျိုးနှင့် စက်သုံးဆီများကို တောင်သူများလက်ဝယ်သို့ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရောက်ရှိစေရေးအလေးထား ဆောင်ရွက်သွားရန် မှာကြားကာ မတ်ပဲမျိုးများကို ကျေးရွာအုပ်စုများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


