မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း Young Lionesses အသင်းကို နှစ်ကျော့စလုံးအနိုင်ယူ

ရန်ကုန် အောက်တိုဘာ ၂၈

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်တို့က ကြီးမှူး၍ Max Energy က အဓိကပံ့ပိုးကူညီ သည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၁ နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၈ ရက်က ပဒုမ္မာကွင်း၌ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက Young Lionesses အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာယူ - ၁၇ လူငယ်လက်ရွေးစင် အမျိုးသမီးအသင်းဖြစ်သော Young Lionesses အသင်းကို နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ယူခဲ့သည်။

 

Young Lionesses အသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဂိုးများပြန်ပေးခဲ့ရခြင်းဖြစ်သည်။ ယခုပွဲမတိုင်မီ နည်းပြချုပ်နေရာ ပြောင်းလဲထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နည်းပြချုပ်သစ် ဦးကျော်မင်းလက်ထက် ပထမဆုံးပွဲတွင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ Young Lionesses အသင်းအတွက် ဦးဆောင်ဂိုးကို ၁၅ မိနစ်တွင် ခါဝသုန်က သွင်းယူပြီး ၂၇ မိနစ်တွင် ဝင်းသူဇာအောင်က ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းက အနိုင်ဂိုးရရန် အားထည့်ကစားလာပြီး အနိုင်ဂိုးများကို ၅၆ မိနစ်တွင် ဆောင်းနှင်းဖွေး၊ ၈၇ မိနစ်တွင် စန္ဒာအောင်နှင့် ၉၀+၂ မိနစ်တွင် ယုယနိုင်တို့က သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရှမ်းယူနိုက်တက်အသင်းအတွက် တစ်ဂိုးသွင်းယူခဲ့သည့် ယုယနိုင်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

 

ပွဲစဉ် (၁၁) အပြီးတွင် အား/ကာသိပ္ပံအသင်းက ၃၁ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၆ မှတ်၊ သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက ၂၂ မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၀၊ ရတနာပုံအသင်းက ၁၅ မှတ်၊ မြဝတီအသင်းက ကိုးမှတ်၊ Young Lionesses အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်းက ခုနစ်မှတ်စီရရှိထားကာ ရန်ကုန်စီးတီးအသင်းက ၁၁ ပွဲစလုံး အရေးနိမ့်ကာ အမှတ်မရသေးပေ။

 

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MWL