ဟားခါး အောက်တိုဘာ ၂၈
ချင်းပြည်နယ် အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က အမှာစကားပြောကြားပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက် ရေးကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ အပါအဝင် သတင်းစုဆောင်းခြင်း၊ လေ့လာစောင့်ကြည့်ခြင်းနှင့် ဖမ်းဆီးအရေးယူခဲ့မှု အခြေအနေများကို လည်းကောင်း၊ ကော်မတီ တွဲဖက်အတွင်းရေးမှူး ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးက အွန်လိုင်း ငွေကြေးလိမ်လည်သူများ ပြုလုပ်လေ့ရှိသည့် နည်းလမ်း၊ Bank Account ၊ Mail နှင့် Social Media များ လုံခြုံရေးအတွက် လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များနှင့် ချင်းပြည်နယ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက် ရေးဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက် လာကြသော ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆွေးနွေးတင်ပြလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွဲဖက်ကော်မတီ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို အကြုံပြုဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


