ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၈

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လေ့လာသူများအား ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်(C)ဆောင်၊ ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ရှင်းလင်းပြောကြား

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် ပေါ်ပေါက်လာမှု အခြေအနေများ၊ အဆိုပါမဏ္ဍိုင်များအနေဖြင့် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေသည့် အခြေအနေများ၊ လွှတ်တော်များ၏ အဓိကတာဝန်ကြီး (၃)ရပ်ဖြစ်သည့် ဥပဒေပြုခြင်း၊ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်း ကိစ္စရပ်များ၊ တတိယအကြိမ် လွှတ်တော်သက်တမ်း စတင်သည့်အချိန်မှ ယနေ့အချိန်အထိ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအသစ် ပြဋ္ဌာန်းနိုင်ခဲ့ခြင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ ဒေသအခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှတစ်ဆင့် တင်ပြဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ဥပဒေပြုရေးမဏ္ဍိုင်သည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်က ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ လက်တွေ့လေ့လာ သိရှိခဲ့မှုများအား မိမိတို့ဒေသရှိ ပြည်သူများ သိရှိစေရန် ပြန်လည်မျှဝေပေးနိုင်ရေး အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ လှိုင်သာယာမြို့နယ် (အ‌ရှေ့ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်