ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီမှ သီးနှံစုံ ၄၉၃၈၁ ဧက ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၁၃၇၉၈၇ ဧက လျာထားစိုက်ပျိုးခဲ့ရာ အဆိုပါ သီးနှံစိုက်ခင်းများကို စက်တင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ပြီး ယနေ့တွင် သီးနှံစုံ ၄၉၃၈၁ ဧကအထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“မိုးသီးနှံတွေ သိမ်းဆည်းတာနဲ့ပတ်သက်ပြီး အထွက်နှုန်းတွေ လျော့နည်းမှု မဖြစ်စေရေးအတွက် စနစ်တကျသိမ်းဆည်းကြဖို့၊ အရည်အသွေးကောင်းတဲ့ သီးနှံတွေ ရရှိဖို့၊ အမိုးအကာအောက်မှာ စနစ်တကျ သိမ်းဆည်းနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကိုလည်း အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်တွင် ရိတ်သိမ်းပြီးစီးသည့် မိုးသီးနှံစုံ ၄၉၃၈၁ ဧကတွင် ပဲတီစိမ်း ၆၇၇၅ ဧက၊ ဖူးစားပြောင်းဧက ၂၇၈၀၊ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ ၃၁၉၀၇ ဧက၊ ငရုတ် ၅၆၁ ဧက၊ အခြားစားသုံးသီးပင် ၁၆၉၇ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၅၆၆၁ ဧကတို့ ရိတ်သိမ်း ပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် ပဲတီစိမ်းတစ်ဧကလျှင် ၁၉ ဒသမ ၄၅ တင်း၊ ဖူးစားပြောင်း တစ်ဧကလျှင် အဖူး ၁၄၃၅၀၊ မြေပဲ ၅၅ ဒသမ ၀၅ တင်း၊ နှမ်းတင်း ၉ ဒသမ ၅၀၊ နေကြာတင်း ၁၉ ဒသမ ၄၀၊ ငရုတ် ၇၂၅ ပိဿာ၊ အုန်းအလုံး ၄၂၀၀၊ ငှက်ပျောခိုင် ၁၄၅၀၊ သစ်သီးပင်အလုံး ၁၄၅၀၀၊ ဟင်းသီးဟင်းရွက် ၃၅၄၅ ပိဿာ၊ ကျွဲနွားစာအထုံး ၂၃၆၀ တို့  ထွက်ရှိကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)