တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူခြင်းမှသည် ပျော်ရွှင်လှပ လူမှုဘဝများဆီသို့ (၅)

သောင်းသိန်းမြတ်(မွေး/ကု)

“ဗျို့ ကိုထွန်းမောင်ကြီး ကြိုးစားလှချည်လားဗျ။ ကြည့်စမ်းပါဦး၊ မွေးထားတဲ့ ဆိတ်ကလေးတွေက လည်း လှမှလှ။ ဆိတ်ကလေးတွေရဲ့ ကျန်းမာရေးကလည်းကောင်း၊ ဆိတ်မကြီးတွေကလည်း မြန်မာ့ ရာသီဥတုနဲ့ ကိုက်ညီမှုရှိတဲ့ ဆိတ်မျိုးတွေပါလား။ ကောင်းပါလေ့ဗျာ။ အခုလိုသာ စည်းကမ်းနည်းလမ်း အမှန်နဲ့ မွေးမြူသွားမယ်ဆိုရင် ကိုထွန်းမောင်ကြီးရဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းဟာ တိုးတက်အောင်မြင်ပြီး အကျိုးအမြတ်ဖြစ်ထွန်းမှာ ဧကန်မလွဲပါပဲ”

“ကျေးဇူးတင်ပါတယ်။ အခုလိုမွေးမြူဖို့ ဖြစ်လာတဲ့ အခြေအနေက “မြေစမ်း ခရမ်းပျိုး” ဆိုသလိုမျိုး မဟုတ်ဘဲ တတ်သိနားလည်တဲ့ ဒေါက်တာကြီး တို့လို ဆရာသမားတွေဆီက နည်းနာနိဿယနဲ့ လမ်းညွှန်မှုခံယူပြီး စနစ်တကျ လိုက်နာမွေးမြူခဲ့တာဆိုတော့ မဆုတ်မနစ်သောဇွဲလုံ့လနဲ့ အောင်မြင် အောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားဖို့ ရည်မှန်းချက် ချထားပြီးဖြစ်ပါတယ်။ ဒါနဲ့ ဒေါက်တာကြီး ဘယ်ကလှည့်ဝင်လာတာပါလဲခင်ဗျာ”

“အချိန်အားလေးရနေတာနဲ့ ကိုထွန်းမောင်ကြီးဆီကို သက်သက်ထွက်လာခဲ့တာပါပဲ။ ပြီးခဲ့တဲ့ အပတ်က ဆွေးနွေးပြောပြပေးဖို့ကျန်ခဲ့တဲ့ ဆိတ်တွေကို အမှတ်အသားပြုလုပ်ခြင်းနဲ့ မှတ်ပုံတင်ထားရှိ ခြင်းဆိုတဲ့အချက်ရယ်၊ ဆိတ်မွေးမြူရေးအတွက် လိုအပ်မယ်ထင်တဲ့ အကျိုးဖြစ်ထွန်းနိုင်မယ့် အချက် ကလေးတွေ ဖြည့်စွက်ဆွေးနွေးပေးချင်လို့ပါ။ လိုက်နာမှတ်သားထားဖို့သာ ပြင်ပေတော့ဗျို့။

“ဆိတ်တွေကို အမှတ်အသားပြုလုပ်ခြင်းနဲ့ မှတ်ပုံတင်ထားရှိခြင်း ဆောင်ရွက်တဲ့အခါမှာ မွေးမြူ ရေးသမားတွေအဖို့ တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ ဓလေ့စရိုက်၊ ကျန်းမာရေးအခြေအနေ၊ ကာကွယ် ဆေးထိုးမှု၊ ဆေးကုသမှုနဲ့ ထုတ်လုပ်မှု (နို့၊ အသား)တွေကို စနစ်တကျ မှတ်တမ်းတင်ထားရှိဖို့အတွက် အမှတ်အသားကို ပြုလုပ်ပေးလေ့ရှိကြတယ်။ တကယ်လို့ တိရစ္ဆာန်ပျောက်ဆုံးသွားရင်လည်း အမှတ်အသားမှတ်သားထားလို့ ရှာဖွေဖို့ လွယ်ကူပြီး မိမိတိရစ္ဆာန်ရဲ့ အမှတ်အသားကို ကြည့်ရှုရှာဖွေ နိုင်မှာဖြစ်တယ်။ အမှတ်အသား မှတ်သားရာမှာ ရှေးအခါက သမားရိုးကျနည်းလမ်းတွေဖြစ်တဲ့ တိရစ္ဆာန်ရဲ့ နားရွက်/ လက် သို့မဟုတ် တင်ပါးတွေမှာ သံပူကပ်ခြင်း၊ နားရွက်ကို ဓားနဲ့ထစ်ပြီး မှတ်သားခြင်း၊ ဆေးမင်ထိုးခြင်းတွေ ပြုလုပ်ပြီး မှတ်သားလေ့ ရှိကြတယ်။ ဒီနေ့မျက်မှောက်ခေတ်မှာတော့ Ear Tag (နားရွက်နံပါတ်တပ်ဆင်ခြင်း)နဲ့ မွေးမြူရေး တိရစ္ဆာန်တွေရဲ့နားမှာ တပ်ဆင်မှတ်သားကြတယ်။ Ear Tag အသုံးပြုခြင်းအားဖြင့်

တိရစ္ဆာန်တစ်ကောင်ချင်းစီ ခွဲခြားသိရှိနိုင်တယ်။ ဥပမာ- Ear Tag ပေါ်မှာ နံပါတ်၊ အက္ခရာ (သို့မဟုတ်) ID ကုတ် ပါတတ်ပါတယ် (ဥပမာ- MM00123)

တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ မွေးမြူရေး မှတ်တမ်းထားရှိပြီး မွေးသက္ကရာဇ်၊ မိဘ တိရစ္ဆာန်မျိုးရိုး၊ မျိုးစိတ်၊ ကာကွယ်ဆေးထိုး မှတ်တမ်း၊ အလေးချိန်/ ကြီးထွားမှု၊ ရောဂါ မှတ်တမ်း စတာတွေကို ID နဲ့ ချိတ်ဆက်ထား နိုင်ပါတယ်။

ပိုင်ရှင်နဲ့တိရစ္ဆာန်ကို ပြန်လည်ခွဲခြားဖို့အတွက် တိရစ္ဆာန် မွေးမြူရေးခြံတွေမှာ အထူးအသုံးဝင်တဲ့ အမှတ်အသားပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

“ဆိတ်မွေးမြူရေးခြံကြီးအတွက် Ear Tag တပ်ဆင်ခြင်းဟာ များစွာအကျိုးကျေးဇူးရရှိစေမှာ ဖြစ်တယ်။ ဆိတ် ၁၀ ကောင်၊ ၅၀၊ ၁၀၀၊ ၁၀၀၀ လောက် ရှိလာတယ်ဆိုရင် တစ်ကောင်ချင်းစီရဲ့ မျက်နှာကို မှတ်မိဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အဲဒီလို မဖြစ်အောင် Ear Tag ကို တပ်ဆင်အသုံးပြုရပါမယ်။ Ear Tag သုံးထားခြင်းအားဖြင့် ဒီဆိတ်ရဲ့ မွေးမြူရေး မှတ်တမ်းကို ID အရ ချက်ချင်းသိရှိနိုင်မှာ ဖြစ်ပါ တယ်။ အတိုချုပ်ပြောရရင်တော့ Ear Tag က ဆိတ်တစ်ကောင်ချင်းစီရဲ့ မှတ်ပုံတင်လို့ပဲ မှတ်သားထားစေချင်ပါတယ်။

“ဆက်လက်ပြီး နို့စားဆိတ်နဲ့ အသားဆိတ်တို့ရဲ့ အကြောင်းပြောပြပေးဦးမယ်။ ဆိတ်မတစ်ကောင် ဟာ ခန္ဓာကိုယ်သေးငယ်ပေမယ့် နို့ထွက်ကောင်းနေတယ်၊ နွားမနဲ့ နှိုင်းယှဉ်တဲ့အခါ အစာအနည်းငယ်သာ ကျွေးရပြီးတော့ တန်ဖိုးရှိတဲ့နို့ကို ပေးစွမ်းနိုင်တာ ကြောင့် နို့စားဆိတ်မျိုးတွေကိုလည်း စနစ်တကျ ရွေးချယ်ပြီး မွေးမြူသင့်ပါတယ်။ ဒါ့အပြင် ဆိတ်သား ဟာ နူးညံ့ခြင်း၊ အရသာရှိခြင်းတွေကြောင့် အသားကဏ္ဍဖူလုံရေးအတွက် ဈေးကွက်ဝင်အသားတစ်ခု ဖြစ်တာမို့ မွေးမြူသူတွေအနေနဲ့ မွေးမြူမယ့် ရည်ရွယ်ချက်အပေါ်မူတည်ပြီး စနစ်တကျ ရွေးချယ် မွေးမြူသင့်ပါတယ်။

(က) နို့စားဆိတ်။ နို့စားဆိတ်မျိုးများစွာ ရှိပါတယ်။ ဂျနာပါရီ၊ နျူဘီယံ၊ ဆာနန်နဲ့ အယ်လ်ပိုင်း မျိုးတွေဖြစ်ကြတယ်။ နို့စား ဆိတ်တွေမှာ အခုပြောမယ့် အရည်အချင်း သတ်မှတ်ချက်တွေ ပြည့်စုံဖို့လိုအပ်တယ်။ နို့စားဆိတ်တစ်ကောင်ဟာ နဖူး ကျယ်ပြီးတော့ နှုတ်သီးချွန်ရမယ်၊ မျက်နှာ ရှည်ပြီးတော့ ဦးချိုများ သေးသွယ်ချွန်ထက်တဲ့ လက္ခဏာရှိတယ်၊ မျက်လုံးပြူးပြီး အရောင်တောက်ကာ သွက်လက်ဖျတ်လတ်တဲ့ ဟန်အမူအရာရှိတယ်၊ ကိုယ်လုံးရှည်လျားပြီး ရင်ခေါင်းချိုင့်ဝှမ်း သွယ်ရမယ်၊ နို့ထွက်ကောင်းတဲ့ ဆိတ်မရဲ့ နို့အုံဟာကြီးမားရုံသာမက နူးညံ့ပျော့ပျောင်းမှုရှိရမယ်၊ နို့အုံရဲ့ အရေခွံပါးရမယ်၊ နို့တံတွေဟာ အရွယ် အစားညီ၊ သေးသွယ်ပြီး တစ်ခုနဲ့တစ်ခု သင့်တင့်တဲ့ အနေအထားကွာဝေးမှုရှိခြင်းတွေပဲ ဖြစ်တယ်။

( ခ ) အသားစားဆိတ်။ ဆိတ်တိုင်း အသားစားလို့ရပေမယ့် အသားစားဆိတ်ဆိုတာ အသားတိုးနှုန်းကောင်းခြင်း၊ အသားနူးညံ့ခြင်း၊ အရသာရှိခြင်း စတဲ့အရည် အချင်းတွေနဲ့ ပြည့်စုံဖို့လိုအပ်တယ်။ အသားစားဆိတ်မျိုးအဖြစ် ဘိုအာမျိုးနဲ့ စပိန်မျိုးတွေကို အသုံးပြုလေ့ရှိကြတယ်။ အသားစားဆိတ်တွေဟာ အကောင်ကြီးခြင်း၊ ရင်အုပ်ကျယ်ခြင်း၊ အသားတိုးနှုန်းနဲ့ ကြီးထွားနှုန်းမြန်ခြင်း၊ သားပေါက်နှုန်းကောင်းခြင်း၊ အသားထွက်နှုန်းဟာ အသက်ရှင်စဉ် အလေးချိန်ရဲ့ ၄၅ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်းရှိခြင်း၊ နို့ထွက် ကောင်းခြင်း စတဲ့လက္ခဏာတွေရှိဖို့ လိုအပ်တယ်။ ဒါမှသာ ပေါက်ဖွားလာမယ့် ဆိတ်ငယ်လေးများ လျင်မြန်စွာ ကြီးထွားနိုင်မှာပဲ ဖြစ်ပါတယ်။

“အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ဆိတ်မွေးမြူရေးလုပ်ငန်းဟာ တိရစ္ဆာန်တွေကို စနစ်တကျ အမှတ်အသား နံပါတ်ပြားကပ်၊ တစ်ကောင်ချင်းစီရဲ့ မျိုးရိုးဗီဇ၊ ထုတ်လုပ်မှု အရည်အသွေးတွေကို မှတ်တမ်းတင်ထားရှိပြီး မျိုးရိုးဗီဇတိုးတက်ဖို့အတွက် စည်းစနစ်ကျနစွာ သားစပ်မွေးမြူသင့်ပါ တယ်။ အထူးသဖြင့် မျိုးရိုးဗီဇအရ ကြီးထွားနှုန်းမြန်၊ အသားထုတ်လုပ်မှု ပိုမိုရရှိနိုင်တဲ့ အထီးနဲ့အမစပ်ပြီး ပေါက်ဖွားလာတဲ့ ဆိတ်ငယ်လေးတွေကို မွေးမြူခြင်းဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရရှိစေနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် မွေးမြူရေးသမားတွေအနေနဲ့ မွေးမြူရေးခြံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် မျိုးရိုးညံ့ တဲ့ တိရစ္ဆာန်အထီး/ အမတွေကို ဖယ်ရှားပစ်ခြင်း၊ မျိုးကောင်းတဲ့ တိရစ္ဆာန်တွေကိုသာ သားစပ်စေခြင်း၊ မျိုးနီးသားစပ်မှု မပြုလုပ်ခြင်း (၃-၄) နှစ်တစ်ကြိမ် မျိုးဆိတ်သိုး လဲလှယ်ပေးခြင်းဖြင့် ထုတ်လုပ်မှုမြင့်မား တဲ့ ဆိတ်မွေးမြူရေးခြံဖြစ်လာနိုင်မယ့်အကြောင်း တရားတွေပဲဖြစ်တယ် ကိုထွန်းမောင်ကြီးရေ”

“ဟုတ်ကဲ့ပါဗျာ။ ဆိတ်မွေးမြူရေးနဲ့ပတ်သက်လို့ အခုလို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရှင်းပြပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ ရွာမှာ ဆိတ်မွေးမြူရေး လုပ်ချင်တဲ့ မိသားစုတွေရှိလာရင်လည်း မှတ်သား သိရှိသမျှတွေကို ပြန်လည်မျှဝေပေးလိုက်ပါမယ်”

“ဪ ဒါနဲ့ အကြောင်းကြောင်းကြောင့် ဆိတ်တွေမှာ ရောဂါတစ်ခုခု ဖြစ်ပွားလာခဲ့ရင် မိမိဘာသာ ကျိတ်မကုဘဲ နားလည်တတ်ကျွမ်းတဲ့ နီးစပ်ရာ တိရစ္ဆာန် ဆေးကုဆရာဝန်တွေဆီ သွားရောက် အကြံဉာဏ်ရယူကုသကြဖို့ အလေးအနက်မှာချင်ပါတယ်။ ကိုထွန်းမောင်ကြီးတို့ မိသားစုလည်း ‘တစ်ပိုင် တစ်နိုင် ဆိတ်မွေးမြူခြင်းမှသည် ပျော်ရွှင်လှပ လူမှုဘဝများဆီသို့’ အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်ဗျာ”။ ။