နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများတွင် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်သည်။ ဤပြဿနာသည် နိုင်ငံတစ်ခုအတွင်း တောမီးလောင်ခြင်းနှင့် စိုက်ပျိုးရေးအတွက် မြေယာရှင်းလင်းရာတွင် မီးရှို့ခြင်းတို့ကြောင့် ထွက်ပေါ်လာသော မီးခိုးမြူများ၊ ပြာမှုန့်များနှင့် PM 2.5 အမှုန်အမွှားများ လေစီးကြောင်းနှင့်အတူ အိမ်နီးချင်းနိုင်ငံများသို့ လွင့်ပါးပျံ့နှံ့ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။
အာဆီယံဒေသတွင်း မီးခိုးမြူငွေ့ပြဿနာကို အာဆီယံတောင်ပိုင်းဒေသ သို့မဟုတ် အာဆီယံပင်လယ်ပိုင်းဒေသနှင့် အာဆီယံမြောက်ပိုင်းဒေသ သို့မဟုတ် အာဆီယံကုန်းမြေဒေသဟူ၍ ဒေသခွဲနှစ်ခုအနေဖြင့် တွေ့မြင်ရလေ့ရှိသည်။ လတ်တလောတွင် အာဆီယံတောင်ပိုင်းဒေသ အင်ဒိုနီးရှားတွင် လောင်ကျွမ်းသည့် တောမီးများကြောင့် မလေးရှားနှင့် စင်ကာပူနိုင်ငံတို့တွင် မီးခိုးမြူများ ကျရောက်လျက်ရှိရာ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍတို့အပေါ် ထိခိုက်လျက်ရှိသည်။ တောမီးများသည် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားနှင့် ကာလီမန်တန်ကျွန်းများရှိ သစ်ဆွေးမြေများ မီးလောင်ကျွမ်းခြင်းနှင့် စိုက်ပျိုးမြေရှင်းလင်းခြင်း တို့မှ ဖြစ်ပေါ်လာခြင်းဖြစ်ရာ အင်ဒိုနီးရှားအပြင် စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်းတောင်ပိုင်းတို့အထိ ထိခိုက်လျက်ရှိသည်။ ယင်းပြဿနာကိုဖြေရှင်းရန် စင်ကာပူနှင့် အင်ဒိုနီးရှားတို့က ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရှိရသည်။
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သော အာဆီယံမြောက်ပိုင်း မဲခေါင်ဒေသခွဲနိုင်ငံများအတွင်း၌မူ တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များကဲ့သို့သော လယ်ယာထွက်ပစ္စည်း အကြွင်းအကျန်များ မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့မှတစ်ဆင့် နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ် ပွင့်လင်းရာသီဖြစ်သော ဇန်နဝါရီလမှ ဧပြီလအတွင်း အဆိုးရွားဆုံး ဖြစ်ပေါ်လေ့ရှိရာ ဖေဖော်ဝါရီလနှင့် မတ်လတို့သည် မီးခိုးမြူငွေ့ ပြင်းထန်မှုအမြင့်ဆုံးကာလဖြစ်သည်။ ယင်းကာလအတွင်း လယ်ယာများတွင် နွေသီးနှံများ စိုက်ပျိုးရန် ရိုးပြတ်များကို မီးရှို့ခြင်း၊ တောင်ယာခုတ်ထွင် မီးရှို့ခြင်းတို့ကို ပြုလုပ်ကြသလို ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် တောတွင်းရှိ သစ်ရွက်ခြောက်များမှတစ်ဆင့် တောမီးလောင်မှု အများဆုံးဖြစ်ပွားသည်။ ရာသီဥတုအခြေအနေအရ လေတိုက်နှုန်း နည်းပါးခြင်းနှင့် အေးမြသောလေထုက ပူနွေးသောလေထုကို အပေါ်မှဖိထားသလိုဖြစ်စေသည့် ဖြစ်စဉ်ကြောင့် မီးခိုးများနှင့် PM 2.5 အမှုန်အမွှားများမှာ အပေါ်သို့လွင့်ပါးမသွားဘဲ မြေပြင်အနီး လေထုထဲတွင် ပိတ်မိနေခြင်းတို့က မီးခိုးမြူငွေ့ပြဿနာကို ပိုမိုဆိုးရွားစေသည်။ မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ပါဝင်သည့် အာဆီယံမြောက်ပိုင်းဒေသတွင် ဤ ၄ လတာကာလအတွင်း မီးခိုးမြူငွေ့ သတိပေးချက်အဆင့် (Alert Level 3 ) အထိရောက်လေ့ရှိပြီး မိုးစတင်ရွာသွန်းသည့် အချိန်ရောက်မှသာ လေထုပြန်လည် ကောင်းမွန်သွားလေ့ရှိသည်။
နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာသည် နိုင်ငံတစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်း၍မရသည့် ပြဿနာဖြစ်သည့်အလျောက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ အာဆီယံနိုင်ငံများသည် “အာဆီယံ မီးခိုးမြူငွေ့ဆိုင်ရာ သဘောတူညီချက် - ASEAN Agreement on Transboundary Haze Pollution (AATHP)” ကို ၂၀၀၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မီးခိုးမြူကင်းစင်သော အာဆီယံဒေသဖြစ်စေရန် ပူးပေါင်းစောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့သည် မဲခေါင်ဒေသခွဲအတွင်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ တားဆီးရန်အတွက် CLEAR Sky Strategy (၂၀၂၄- ၂၀၃၀) ပူးတွဲစီမံ ချက်ကို ရေးဆွဲကာ ရာသီအလိုက် တောမီးလောင်မှုနှင့် လေထုညစ်ညမ်းမှု(PM 2.5)ကို အတူတကွစောင့်ကြည့်ထိန်းချုပ် ဆောင်ရွက် လျက်ရှိသည်။
နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းစီ၏ အပြုအမူဆိုင်ရာ ပြောင်းလဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဓိကဖြစ်ရာ လူနေရပ်ရွာများတွင် အမှိုက်များ၊ ပလတ်စတစ်နှင့် သစ်ရွက်ခြောက်များကို မီးမရှို့ဘဲ စနစ်တကျစွန့်ပစ်ခြင်း၊ မြေဆွေးပြုလုပ်ခြင်း၊ လယ်ယာစိုက်ပျိုးရေးမှ ဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရိုး စသည်တို့ကို မီးမရှို့ဘဲ တိရစ္ဆာန်အစာ၊ မှိုစိုက်ပျိုးရေးနှင့် သဘာဝမြေသြဇာပြုလုပ်ခြင်း၊ တောင်ယာခုတ် မီးရှို့မှုများကို ထိန်းချုပ်ခြင်းတို့ ဆောင်ရွက်ရန်၊ မိမိတို့ပတ်ဝန်းကျင်၌ တောမီးလောင်ခြင်း သို့မဟုတ် စည်းကမ်းမဲ့ မီးရှို့ခြင်းများတွေ့ရှိပါက ဒေသအာဏာပိုင်များထံ ချက်ချင်းသတင်းပေးပို့ရန်၊ မီးခိုးမြူကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာ ရေးဆိုးကျိုးများနှင့် မီးမရှို့ရေးအသိပညာပေးမှုများကို မိသားစုနှင့် လူမှုအသိုက်အဝန်းများအတွင်း အချင်းချင်းမျှဝေပေးရန် မိမိတို့၏ ကိုယ်စီတာဝန်ယူမှုများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။


