၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်ကောင်စီနယ်မြေတွင် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ယဉ်ကျေးမှု အနုပညာရပ်အလိုက် ယှဉ်ပြိုင်ခဲ့ကြသော အနုသုခုမပညာရှင်များ၊ ဝါသနာရှင်များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ်တွေ့မြင်ရသည်။
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ညွှန်းရန်နှင့် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်လိုသည့် ပြည်ထောင်စု စိတ်ဓာတ်ကိုဖော်ညွှန်းရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအကအလှများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အနုပညာရှင်များသည် မြန်မာမှုအနုသုခုမ အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့်အပြင် မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားပြီး မြန်မာ့အနုပညာကို စိတ်ပါဝင်စား ကြသည့် ဝါသနာရှင်ပရိသတ်များကလည်း လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဦးတည်ချက်လေးချက်နှင့်အညီ ပြိုင်ပွဲအမျိုး အစားအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အနုပညာရပ်အသီးသီးတို့သည် မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ် ကျေးမှုနှင့်အညီ အနုပညာရသဂုဏ်မြောက်စွာဖြင့် ယှဉ်ပြိုင်တင်ဆက်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် “ဝိဓူရ” ဇာတ်တော်ကြီးသည် ပြိုင်ပွဲဝင်များက အခန်းစဉ်အလိုက် မူရင်းဇာတ်စာ၊ ပျို့လင်္ကာ၊ ရတုနှင့် ဆုံးမစာများ၊ အကအလှများ၊ ဇာတ်လမ်း၏အနိမ့်အမြင့်အလိုက် ရှေးရိုးရာပတ်ပျိုး၊ ကြိုး၊ သီချင်းခံ တို့ကို ရတု၊ ရကန်၊ လေးဆစ် “အဆိုပညာ”၊ အလွမ်းအဆွေး သရုပ်ဆောင်ရာတွင် အသုံးချသည့် “အငိုပညာ”နှင့် နားထောင်ရ သူစွဲမက်စေမည့် “အပြောပညာ” တို့ဖြင့် ဇာတ်ညွှန်းအတိုင်း ဝါကျအဖြတ်အတောက် မှန်ကန်စွာဖြင့် မြန်မာ့ရိုးရာသဘင် ကျင့်ထုံးများကို မဖောက်ဖျက်ဘဲ တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ ကပြယှဉ်ပြိုင် ခဲ့ကြသည်။
ဝိဓူရဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ နဝမမြောက်ဇာတ်တော်ကြီးဖြစ်ပြီး ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလ ဖြူစင်ဖြောင့်မတ်မှုအပေါ်တွင် အခြေခံသော ပညာ၏အကျိုးကျေးဇူးများကို ရရှိသဘောပေါက် ကြစေရန်၊ သာဓုနရတရားလေးပါးအကြောင်း သိရှိနားလည် လိုက်နာကျင့်သုံးကြစေရန်၊ လောင်းကစားခြင်း၏ ဆိုးပြစ်နှင့် မကောင်းသောအကျိုးဆက်များကို သိရှိရှောင်ရှားနိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်းတရားနှင့် သူတော်ကောင်း ဥစ္စာခုနစ်ပါးကို ပွားများနိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကပြယှဉ်ပြိုင်ခဲ့ ကြခြင်းဖြစ်သည်။ ယနေ့အခမ်းအနားသည် ပြိုင်ပွဲတွင် ထူးချွန်စွာ ယှဉ်ပြိုင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာအနုပညာကို တန်ဖိုးထားမြတ်နိုး ကြသူများ၏ ကြိုးစားအားထုတ်မှုနှင့် မျိုးဆက်သစ်အနုပညာရှင်များ၏ အနာဂတ်မျှော်မှန်းချက်များကို အသိအမှတ်ပြု အားပေးချီးမြှောက်ခြင်းဖြစ်သည်။
ရရှိသည့်ဆုများသည် မိမိတို့၏ ပင်ကိုအရည်အချင်း၊ လေ့ကျင့်အားထုတ်မှုနှင့် ဇွဲလုံ့လများကို ဂုဏ်ပြု အသိအမှတ်ပြုမှုဖြစ်သကဲ့သို့ အနုပညာရပ်များကို ဆက်လက်လေ့လာသင်ယူပြီး မြန်မာ့ယဉ်ကျေးမှုကို မြှင့်တင်နိုင်အောင်၊ ပိုမိုတိုးတက်လာအောင် ကြိုးစားအားထုတ်မှု မှတ်တိုင်တစ်ခုဖြစ်သည်။ အနုပညာလောကတွင် အောင်မြင်မှုသည် ဆုတံဆိပ်ရရှိခြင်းတစ်ခုတည်းဖြင့် တိုင်းတာ၍မရဘဲ အနုပညာရပ်ကို နက်နက်ရှိုင်းရှိုင်း နားလည်တတ်မြောက်မှုနှင့် တိုင်းပြည်အတွက်၊ လူမှုအသိုက်အဝန်းအတွက်မည်မျှ အကျိုးပြုမှုနှင့်တိုင်းတာရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးအသီးသီး၏ အဆို၊ အက၊ အရေး၊ အတီးအနုပညာရပ်များကို လေ့လာဖော်ထုတ်ခြင်း၊ အပြန်အလှန်မျှဝေခြင်းနှင့် တန်ဖိုးထားလေးစား ခြင်းတို့သည် ပြည်ထောင်စုကြီးအကျိုးစီးပွားကို ဖော်ဆောင်ပေးမည့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေရန် အနုပညာစွမ်းပကားဖြင့် တစ်တပ်တစ်အား အထောက်အကူပြုမည်ဖြစ်ပါကြောင်း။ ။


