ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော သီးနှံစုံ ၄၉၃၈၁ ဧကထိ ရိတ်သိမ်းပြီးစီး  

 

ပွင့်ဖြူ အောက်တိုဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော သီးနှံစုံ ၄၉၃၈၁ ဧကထိ ရိတ်သိမ်းပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်သီးနှံ၊ ငှက်ပျော၊ အုန်း၊ ထန်း၊ သီးပင်စားပင်၊ ပရဆေးပင်နှင့် အထွေအထွေ စားသုံးသီးနှံများ စသည့်မိုးသီးနှံစုံ ၁၃၇၉၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ အဆိုပါစိုက်ပျိုးထားသော မိုးသီးနှံစိုက်ခင်းများကို ယခုနှစ် စက်တင်ဘာလမှ စတင်ရိတ်သိမ်းဆောင်ရွက်ခဲ့ပြီး ယနေ့တွင် သီးနှံစုံ ၄၉၃၈၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံစုံစိုက်ဧက ၁၃၇၉၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာမှာ ဒီနေ့ထိ ၁၃၆၉၈၇ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ မိုးသီးနှံစိုက်ခင်းများကို လက်ရှိမှာ ရိတ်သိမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ထိ ရိတ်သိမ်းပြီးစီးမှုအနေနဲ့ သီးနှံစုံဧက ၄၉၃၈၁ ဧက ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ မိုးသီးနှံတွေ သိမ်းဆည်းတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုတွေ မဖြစ်စေရေးအတွက် စနစ်တကျ သိမ်းဆည်းကြဖို့၊ အရည်အသွေးကောင်းတဲ့ သီးနှံများရရှိဖို့ အမိုးအကာအောက်မှာ စနစ်တကျ သိမ်းဆည်းနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကိုလဲ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်တွင် ရိတ်သိမ်းပြီးစီးသည့် မိုးသီးနှံစုံ ၄၉၃၈၁ ဧကတွင် ပဲတီစိမ်း ၆၇၇၅ ဧက၊ ဖူးစားပြောင်း ၂၇၈၀ ဧက၊ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံ ၃၁၉၀၇ ဧက၊ ငရုတ် ၅၆၁ ဧက၊ အခြားစားသုံးသီးပင် ၁၆၉၇ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၅၆၆၁ ဧကတို့ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် ပဲတီစိမ်းတစ်ဧကလျှင် ၁၉ ဒသမ ၄၅ တင်း၊ ဖူးစားပြောင်း တစ်ဧကလျှင် ၁၄၃၅၀ ဖူး၊ မြေပဲ ၅၅ ဒသမ ၀၅ တင်း၊ နှမ်း ၉ ဒသမ ၅၀ တင်း၊ နေကြာ ၁၉ ဒသမ ၄၀ တင်း၊ ငရုတ် ၇၂၅ ပိဿာ၊ အုန်း ၄၂၀၀ လုံး၊ ငှက်ပျော ၁၄၅၀ ခိုင်၊ သစ်သီးပင် ၁၄၅၀၀ လုံး၊ ဟင်းသီးဟင်းရွက် ၃၅၄၅ ပိဿာ၊ ကျွဲနွားစာ ၂၃၆၀ ထုန်းတို့ ထွက်ရှိကြောင်း သိရသည်။

 

တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် ဒေသနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်များကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)