ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲဧက ၁၃၆၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိ  

 

ကျွန်းလှ အောက်တိုဘာ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံမျိုးကို ရာသီအလိုက် စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲဧက ၁၃၆၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို ဆောင်းရာသီနဲ့ မိုးရာသီမှာ စိုက်ပျိုးကြပါတယ်။ မြေပဲကို စိုက်ပျိုးရာမှာ ဆောင်းရာသီ အဓိကစိုက်ပျိုးကြပါတယ်။ ဒီနှစ်မြေပဲစိုက်ပျိုးဖို့ ၁၃၆၆၅ ဧက လျာထားတဲ့အနက် အခုအခါ ၈၅၆ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ အရင်နှစ်က ‌ဆောင်းမြေပဲ ၁၄၂၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူတွေ တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ပြောသည်။

 

ဆောင်းမြေပဲစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

 

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ ၁၃၆‌၆၅ ဧက၊ နှမ်း ၁၃၂၃၀ ဧက၊ နေကြာ ၉၆၀ ဧက၊ ပန်းနှမ်း ၅၃၄၂ ဧက၊ မုံညှင်းစေ့ ၄၅၅ ဧက စုစုပေါင်း ၃၃၆၅၂ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ မျိုးဝင်းညို(ကျွန်းလှ)