ကျောက်ဆည်မြို့နယ်၌ ခရမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး သုံးရက်ခြားတစ်ကြိမ် ခူးဆွတ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်‌ပြေလျက်ရှိ ​

ကျောက်ဆည် အောက်တိုဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာပေါင်း ၂၀၀ ကျော်ရှိပြီး စပါး၊ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ နှံစားပြောင်း၊ ဖူးစားပြောင်း၊ နနွင်း၊ ငရုတ်၊ ကျွဲနွားစာနှင့် စားဖိုဆောင်သီးနှံများ အမျိုးမျိုး စိုက်ပျိုးလျက်ရှိသည်။ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာ၌ စိုက်ပျိုးထားသော မျှားနီတံဆိပ် ကာမစ်အမျိုးအစား အတို့အမြုပ်ပြုလုပ်၍ စားရသည့် ခရမ်းကြွပ်အစိမ်းရောင် အဝိုင်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး သုံးရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချရသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ခရမ်းသီးနှံသည် ဟင်းချက်၍ စားရသောခရမ်းမျိုး အကြီးနှင့် အတို့အမြုပ်ပြုလုပ်၍ စားရသော ခရမ်းသီး အသေးမျိုးဟူ၍ မျိုးကွဲများစွာရှိကြောင်း၊ တောင်သူများအနေဖြင့် ခရမ်းသီးစိုက်ပျိုးရာတွင် ရာသီကို ချိန်ညှိ၍ ဈေးကောင်းရနိုင်မည့် ခရမ်းမျိုးကိုသာ ရွေးချယ်ပြီး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာ၌ အပင်သေပျောက်မှု မရှိစေရန်အတွက် ပျိုးထောင်ထားသည့် ပျိုးခင်းမှ သန်မာသည့်ခရမ်းပျိုးပင်များကို ရွေးချယ်၍ ကြိုတင်မြေပြင်ထားသည့် စိုက်ကွင်း၌ ပြောင်းရွေ့စိုက်ပျိုးကြကြောင်း၊ စိုက်ခင်းများ အောင်မြင်ရေး မြေအမျိုးအစားအလိုက် ရေသွင်း/ ရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် လေးပေခန့်အကွာ စိုက်ပျိုးကြကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနုတ်ခြင်းနှင့် လိုအပ်သည့်အချိန်၌ မြေဩဇာကျွေးခြင်း၊ ပိုးမွှားကာကွယ်ဆေးဖျန်းခြင်းများ ပြုလုပ်ပေးရကြောင်း ခရမ်းစိုက်တောင်သူများ ပြောပြ၍ သိရသည်။

 

ခရမ်းသီးပင်သည် စိုက်ပျိုးပြီး ၄၅ ရက်တွင် စတင်ခူးဆွတ်ရပြီး အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရကြောင်း၊ ခရမ်းသီးနှံ ၀ ဒသမ ၅ ဧက စိုက်ပျိုးထားသည့် ဦးတင်ထွန်းက အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာ ၂၀၀ နီးပါး ခူးဆွတ်ရပြီး ကာလရှည် ခူးဆွတ် ရောင်းချရသည့်အတွက် ရောင်းဈေးအနေဖြင့် အချိန်ကာလအပေါ်မူတည်၍ ခရမ်းသီး တစ်ပိဿာ ကျပ်တစ်ထောင်မှ နှစ်ထောင်အထိ ရောင်းချရကြောင်း ပြောပြသည်။

 

သက်မောင်(ကျောက်ဆည်)