မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင် တမံ၏ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျ နေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်း ဒဏ်မခံရစေရန် အတွက် မိုးရေကာဖျင်များ စနစ်တကျအုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေ ဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာ တောင့်တင်းမှုရှိစေရန် မြေသားတမံ ပုံစံဆောင်ရွက်ခြင်းတို့ကို ယနေ့တွင်လည်း အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးကြသည်။

 

ထို့အပြင် တမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)