MSME လုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် ပါကင်ပိတ်စက်များ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်

ရန်ကုန် အောက်တိုဘာ ၂၇

 

မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထုတ်ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ပါကင်ပိတ်စက်များကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းဝင် ပြည်တွင်းလုပ်ငန်းရှင်များက ပါကင်ပိတ်စက်များကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်သည်။

 

ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုပ်ပိုးမှု (Packaging)သည် ပထမဆုံးအမြင်အာရုံကို ဆွဲဆောင်နိုင်ရန် (First Attraction)နှင့် အရည်အသွေး၊ ကျန်းမာရေးနှင့် ညီညွတ်မှုတို့အတွက် အလွန်အရေးကြီးကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စနစ်တကျ ထုပ်ပိုးကြရကြောင်း မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်းမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ဦးထွန်းထွန်းက ပြောကြား သည်။

 

“MSME လုပ်ငန်းတွေအတွက် ရည်ရွယ်ပြီးကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ ထုပ်ပိုးမှုအဆင့်မြှင့်တင်နိုင်ဖို့ ပါကင်ပိတ်စက်တွေကို ထုတ်လုပ်ထားတာပါ၊ လိုအပ်တဲ့ပစ္စည်း အနည်းငယ်ကိုသာ ပြည်ပကမှာယူပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့အတွက် ဈေးနှုန်းအများကြီး သက်သာပါတယ်။ စားသောက်ကုန်လုပ်ငန်းအတွက် အမှုန့်နဲ့ အရည်တွေ ထည့်သွင်းဖို့ သင့်လျော်တဲ့ထုပ်ပိုး မှုစနစ်တွေကို စီစဉ်ပေးထားပါတယ်” ဟု Master Pack Myanmar ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ကိုဇော်က ပြောသည်။

 

အဆိုပါ ပါကင်ပိတ်စက်များသည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သည့်အတွက် ပြုပြင်ထိန်းသိမ်းရာ တွင်လည်း အခက်အခဲမရှိဘဲ ပြည်ပမှ မှာယူတင်သွင်းသည့် စက်များနည်းတူ အရည်အသွေးကောင်းမွန်ပြီး နိုင်ငံခြားငွေစီးဆင်းမှုကိုလည်း လျှော့ချနိုင်သည်။ စက်များကို လေ့လာလိုပါ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

 ရှင်းခန့်အောင်