ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ အကြိမ်(၃၀)မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်၊ နှစ်နိုင်ငံအကြား Roadmap on Cooperation လက်မှတ်ရေးထိုး

နေပြည်တော် အောက်တိုဘာ ၂၇

 

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် အကြိမ်(၃၀)မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ် ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်တွင် မင့်စ်မြို့သို့ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၇ ရက် တွင် ဖိုရမ်သို့ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်၍ ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး Plenary section သို့ Developing Energy ၊ Developing the Economy ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

 

ရင်းနှီးမြှုပ်နှံနိုင်ရေးဖိတ်ခေါ်

 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ တည်ရှိနေမှု ပထဝီအနေအထားအရ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်စပ်ပေးလျက်ရှိသည့် တံတားသဖွယ်ဖြစ်နေ၍ ယင်းအခွင့်အလမ်းကို အသုံးချပြီး စွမ်းအင်ဆိုင်ရာ ကုန်သွယ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်နိုင်ငံများကို မိမိတို့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များထိုက်သင့်သော ပေါကြွယ်ဝမှုရှိသည့်အတွက် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်/ ထုတ်လုပ်ရေးတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် စိန်ခေါ်မှုများစွာ ရှိနေသည့် အတွက် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဦးစွာဆောင်ရွက် ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို အသုံးချခြင်း၊ သဘာဝဓာတ်ငွေ့ရည်ဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပိုမိုတိုးတက် အောင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဆိုင်ရာ သင်ကြားကူညီမှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမှု စသည်တို့လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာစေခြင်း၊ သင့်လျော်သော ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည် ချမှတ်ဆောင်ရွက်ခြင်းဖြင့် စွမ်းအင်လုံခြုံရေးကို တိုးတက်စေပြီး အနာဂတ်အတွက် ယုံကြည်စိတ်ချ ရပြီး ရေရှည်တည်တံ့သည့် စွမ်းအင်အဖြစ် တိုးတက် လာမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့အကြား Roadmap on Cooperation လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အဆိုပါ Roadmap on Cooperation နှစ်နိုင်ငံအကြား မဟာဓာတ်အားလိုင်းများကို  အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ (Losses) လျှော့ချရေးနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ခြင်း၊ Smart Power Generation နှင့် Smart Grid တို့ ဖွံ့ဖြိုးလာစေရေးအတွက် နည်းပညာများ အကူအညီပေးခြင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍနှစ်ရပ်လုံးတွင် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးလာရေးအတွက် ဘယ်လာရုစ်နိုင်ငံ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊ သင်တန်း ကျောင်းများ၊ တက္ကသိုလ်များသို့ သင်တန်းသားများ စေလွှတ်၍ သက်ဆိုင်ရာဘာသာရပ်များ လေ့ကျင့် သင်ကြားခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Energy Expo တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်