နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနေမှုများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၂၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

 

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော် သမ္မတနှင့်ဇနီး‌တို့နှင့်အတူ ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေး၊ (၂၇) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုး ကြသည့်ပြည်သူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းရန်နှင့် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်လိုသည့် ပြည်ထောင်စု စိတ်ဓာတ်ကို ထာဝရဖော်ညွှန်းရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအကအလှများကို ပြန်လည် ဖော်ထုတ် ထိန်းသိမ်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြိုင်ပွဲဝင်တိုင်းရင်းသားရိုးရာအကအဖွဲ့များ၏ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိ အားကစားခန်းမ၌ ကျင်းပပြုလုပ် လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသား၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)အမျိုးသမီး နှင့် ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသား ဒုံမင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ပြိုင်ပွဲဝင်များက တေးသီချင်းများအလိုက် တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

 

ယှဉ်ပြိုင်မှုများ အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပြိုင်ပွဲအလိုက်အကဲဖြတ် ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

 

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားရေးနှင့် တိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ် လူငယ်များအကြား တွင် ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် အမျိုးသားရေး စိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များ စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက် စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှု အနုပညာ စွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်များဖြင့် ပြိုင်ပွဲအမျိုး အစားများအလိုက် သတ်မှတ်ထား သည့် နေရာအသီးသီးတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့် အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှု အားပေးလျက်ရှိကြကြောင်း သိရသည်။

 

သတင်းစဉ်