အယ်လ်နီညို အပူလှိုင်းများကြားမှ ခရီးသွားလုပ်ငန်း

စည်သူ‌‌ကျော်

 

ယခုရက်များအတွင်း လူပြောအများဆုံး စကားလုံးတစ်လုံးကို ပြောပါဆိုလျှင် အယ်လ်နီညိုဆိုသော မိုးလေဝသဆိုင်ရာ စကားလုံးတစ်လုံးသည်လည်း အပါအဝင်ဖြစ်ပေလိမ့်မည်။ ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲပြင်းထန်လာမှုနှင့် သဘာဝဘေးများကို ပိုမိုရင်ဆိုင်လာရသည့်ကာလသို့ ရောက်ရှိနေသည်ကို အားလုံး လက်တွေ့သိမြင်ခံစားနေကြရပြီဖြစ်သည်။

 

ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ရာသီဥတုမှန်ကန်မျှတမှုမရှိခြင်းတို့သည် ကမ္ဘာ့လူသားများကို ပိုမိုခြိမ်းခြောက်လာလျက်ရှိသည်။ ထိုသို့သော ရာသီဥတုပြောင်းလဲလာမှုများနှင့် ဆက်စပ်နေသည့် အဓိကဖြစ်စဉ်တစ်ခုမှာ အယ်လ်နီညိုဖြစ်ပါသည်။

 

အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ၏ အီကွေတာအနီးရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာခြင်း၊ ပင်လယ်သမုဒ္ဒရာနှင့် လေထုအကြား အပြန်အလှန်သက်ရောက်မှုဖြစ်စဉ်များ ပြောင်းလဲလာခြင်းတို့နှင့် ဆက်စပ်သည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ယင်းဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒေသအသီးသီးတို့တွင် အပူချိန်နှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာပြီး အချို့ဒေသများ၌ မိုးခေါင်ရေရှားမှု ပိုမိုဖြစ်ပေါ်နိုင်သကဲ့သို့ အချို့သောဒေသများ၌မူ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာပါသည်။

 

ယင်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုကဏ္ဍများကိုသာမက အခြားသောထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကိုပါ တိုက်ရိုက်တစ်နည်း၊ သွယ်ဝိုက်၍တစ်ဖုံ ကြီးမားသောသက်ရောက်မှုများ ဖြစ်ပေါ်လာစေပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း အယ်လ်နီညိုဖြစ်စဉ်၏ ခြွင်းချက်ပေးခြင်းမခံရသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါသည်။

 

နီပေါနိုင်ငံတွင် မကြာမြင့်မီကာလကပင် ဖြစ်ပွားခဲ့သော ရုတ်တရက်ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်ဆိုးကြီးသည် အယ်လ်နီညိုဖြစ်စဉ်၏ ခရီးသွားလုပ်ငန်းအပေါ် ကြီးမား‌သောခြိမ်းခြောက်မှုကို အရေးကြီးသတိပေးခေါင်းလောင်း ထိုးလိုက်သကဲ့သို့ပင်ဖြစ်ပါသည်။ ခရီးသွားရာသီချိန်စတင် ခါနီးအချိန်တွင် ဖြစ်ပေါ်ခဲ့သော ယင်းသဘာဝဘေး ဖြစ်စဉ်သည် ခရီးသွားလုပ်ငန်း၏ သဘာဝဘေးအန္တရာယ်အပေါ် ကြံ့ကြံ့ခံနိုင်စွမ်းကို မေးခွန်းထုတ် လိုက်သောဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါသည်။ လက်ရှိအနေအထားသည် နီပေါနိုင်ငံသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်တစ်ခုလုံးကို အလျင်စလို ဖျက်သိမ်းရန်မလိုကြောင်းနှင့် မိမိသွားရောက်မည့်ခရီးစဉ်ကို ဘေးအန္တရာက်ကျရောက်ခဲ့သည့်‌ဒေသနှင့် သေချာစွာတိုက်ဆိုင်စိစစ်ပြီးမှသာ ဆုံးဖြတ်ကြရန် သက်ဆိုင်ရာမှ နှိုးဆော်ထားပါသည်။

 

ခရီးသွားများအနေဖြင့် ခရီးစဉ်ကို အလျင်စလိုဖျက်သိမ်းမှုများပြုလုပ်ပါက ဘေးအန္တရာယ်ကျရောက်မှုမရှိသည့် ဝေလံခေါင်ဖျားတောင်တန်း ဒေသများမှခရီးသွားလုပ်ငန်းကို အမှီပြုနေသော ဒေသခံများအတွက် စီးပွားရေးဆိုင်ရာထိခိုက်မှု များဖြစ်လာနိုင်ကြောင်းနှင့် သဘာဝဘေးသတင်း တစ်ခုတည်းဖြင့် မိမိတို့၏ နီပေါနိုင်ငံအားလပ်ရက်ခရီးစဉ်ကို အဆုံးမသတ်ကြရန် (Travel responsibly, not fearfully) အသိပေးမေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရှိရပါသည်။

 

သို့သော်ဒေသတွင်း ခရီးသွားအရင်းအမြစ်များအရ နီပေါနိုင်ငံ၏ ယခုနှစ်ခရီးသွားရာသီအတွက် ကြိုတင်မှာကြားထားမှုများကို ပယ်ဖျက်မှုမှာ ရာခိုင်နှုန်း ၄၀ မှ ၆၀ အတွင်း ရှိနိုင်ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရုတ်တရက်ရေကြီးမှုသည် သဘာဝဘေးအန္တရာယ်တစ်ခုသာမက ခရီးသွားလုပ်ငန်း၊ နိုင်ငံ့စီးပွားရေး၊ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် နိုင်ငံတကာခရီးသွားများ၏ ယုံကြည်မှုတို့ကိုပါ ထိခိုက်စေနိုင်သောဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့်နီပေါနိုင်ငံသည် ဟိမဝန္တာတောင်တန်းများ၊ တောင်တက်ခရီးစဉ်များ၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်းတို့ဖြင့် ကမ္ဘာကျော်သောကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများက ခရီးသွားလုပ်ငန်းကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။

 

ထိုအခြေအနေများကြောင့် ရာသီဥတုပြောင်းလဲမှုများကြားတွင် ခရီးသွားလုပ်ငန်းသည် မည်သို့မည်ပုံ ရေရှည်တည်တံ့နိုင်မည်နည်း၊ နိုင်ငံ့စီးပွားရေးကို ခရီးသွားလုပ်ငန်းအပေါ်တွင် စတင်အမှီပြုလာသော ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများတွင် ခရီးသွားလုပ်ငန်းသည် မည်သို့မည်ပုံဆက်လက်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်နည်းဟူသော အရေးကြီးသည့်မေးခွန်းများ ပေါ်ပေါက်လာစေပါသည်။ အပူချိန်အလွန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်းနှင့် ရေရှားပါးခြင်းတို့သည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်အတွေ့အကြုံအပေါ် များစွာသက်ရောက်မှုရှိပြီး ခရီးစဉ်ဒေသ၏ပုံရိပ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။

 

ထိုအခြေအနေများကြောင့် ခရီးစဉ်များ ပြောင်းလဲရခြင်း၊ ဖျက်သိမ်းရခြင်း၊ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် ခရီးသွားဧည့်သည်များ၏ ယုံကြည်မှုလျော့ပါးခြင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ အယ်လ်နီညိုနှင့် ဆက်စပ်သည့် ကမ္ဘာ့အပူချိန်မြင့်တက်မှုသည် အချို့သောဒေသများတွင် အပူလှိုင်းများ ပိုမိုပြင်းထန်လာနိုင်ခြေကို မြင့်မားစေပါသည်။ အထူးသဖြင့် ‌နွေရာသီအတွင်း အပူချိန်မြင့်မားလေ့ရှိသော မြို့ပြခရီးစဉ်များ၊ သဲကန္တာရဒေသများနှင့် နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ သွားလာလှုပ်ရှားရသည့် ခရီးစဉ်များတွင် ယင်းသက်ရောက်မှုကို ပိုမိုသတိပြုရန် လိုအပ်ပါသည်။

 

ဥပမာအားဖြင့် ပြင်ပလွင်ပြင်ရှိ ရှေးဟောင်းအမွေအနှစ်များကို လေ့လာသည့် ခရီးစဉ်များ၊ လမ်းလျှောက်လေ့လာကြည့်ရှုရသည့် ခရီးစဉ်များကို အပူချိန်အလွန်မြင့်မားသည့် အချိန်အတွင်း ဆောင်ရွက်ခြင်းကို ရှောင်ကြဉ်၍ နံနက်အစောပိုင်း သို့မဟုတ် ညနေပိုင်းအချိန်များ၌ အစားထိုး ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် အပူသက်သာသော အဆောက်အအုံများအတွင်း လှည့်လည်ပြသရသော ခရီးစဉ်များ (ဥပမာအားဖြင့် ပြတိုက်များ)ကို ဧည့်သည်များ၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာရှိမှုအတွက် ခရီးစဉ်တွင် ထည့်သွင်းရေးဆွဲပေးရမည်ဖြစ်ပါသည်။

 

ထို့ကြောင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်းအတွင်း အပြောင်းအလဲများ၊ ရာသီဥတုကိုမှီတည်၍ လိုက်ပါထိန်းညှိမှုများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကို ခရီးသွားလုပ်ငန်းအပေါ် လွှမ်းမိုးသည့် အချက်တစ်ခုအဖြစ် နားလည်ထားရန် လိုအပ်သော်လည်း ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုအားလုံး၏ တစ်ခုတည်းသောအကြောင်းရင်းအဖြစ် မမှတ်ယူသင့်ပါ။

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၊ ဒေသတွင်းရာသီဥတုပုံစံများ၊ အခြေခံအဆောက်အအုံများ၏ အခြေအနေ၊ စီးပွားရေးအခြေအနေ၊ လူမှုရေးနှင့် ပညာရေး၊ အသိပညာပေးရေးဆိုင်ရာ အချက်အလက်များသည်လည်း အယ်လ်နီညိုဖြစ်စဉ်ကာလ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိမည် ဖြစ်သလိုလိုအပ်သလို ထိန်းညှိဆောင်ရွက်မှုများတွင်လည်း အရေးပါသောအချက်များဖြစ်လာမည် ဖြစ်ပါသည်။ ဤသို့သော အခြေအနေတွင် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များ (Destination Management Organizations – DMOs) သည် မိမိတို့၏ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုပုံစံများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်လာ မည်ဖြစ်ပါသည်။

 

အပူချိန်မြင့်မားသည့် ကာလများတွင် ခရီးသွားဝင်ရောက်မှု မကျဆင်းသွားစေရန်နှင့် ခရီးသွားများ၏ ကျန်းမာရေးနှင့်ခရီးစဉ်၏ အတွေ့အကြုံ၊ ခရီးစဉ် ဒေသ၏ အရည်အသွေး ထိခိုက်မှုမရှိစေရန်ဆိုသည့် အချက်များအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ခရီးစဉ်၏ ကြာမြင့်ချိန်နှင့် လှည့်လည်ပြသချိန်များ၊ သောက်သုံးရေနှင့် အနားယူရန်အချိန်၊ အပူဒဏ်ဆိုင်ရာ အသိပေးကြေညာချက်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ၏ကြံ့ခိုင်မှုနှင့် အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် လိုအပ်နိုင်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။

 

အယ်လ်နီညိုသည် အချို့ဒေသများတွင် ပူပြင်းခြောက်သွေ့မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သော်လည်း အခြားဒေသများ၌မူ မိုးရွာသွန်းမှုပုံစံများကို ပြောင်းလဲ စေနိုင်ပါသည်။ အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု၊ မြေပြိုတောင်ပြိုမှုများ ဖြစ်ပေါ်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့သည် နေရာတိုင်းတွင် တူညီစွာဖြစ်ပေါ်မည်မဟုတ်ပါ။ ခရီးသွားလုပ်ငန်းအတွက် ယင်းအခြေအနေသည် လမ်းပန်းဆက်သွယ်ရေး၊ လေကြောင်းခရီးစဉ်၊ ရေကြောင်းခရီးစဉ်၊ ခြေကျင်တောင်တက်ခရီးစဉ်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်းတို့အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။

 

လမ်းတံတားပျက်စီးခြင်း၊ မြေပြိုခြင်း၊ လေကြောင်းခရီးစဉ်များဖျက်သိမ်းရခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းတို့ကြောင့် ခရီးသွားများ၏ ခရီးစဉ်နှောင့်နှေးခြင်း၊ ခရီးစဉ်ဆိုင်ရာလုံခြုံမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးစံနှုန်းများ လျော့နည်းကျဆင်းခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုသည် ဧည့်သည်အရေအတွက်နှင့် ဝင်ငွေရရှိမှုတို့အပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေသည်မဟုတ်ဘဲ ဘေးအန္တရာယ်ကျရောက်သည့်အချိန်တွင် ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးနိုင်မှုတို့ အပေါ်တွင်လည်း တည်မှီနေသည်ကို သတိပြုရမည်ဖြစ်ပါသည်။

 

သဘာဝဘေးတစ်ခုကြောင့် ပျက်စီးယိုယွင်းသွားသော ခရီးစဉ်ဒေသတစ်ခုသည် ခရီးသွားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်စောင့်ရှောက်နိုင်သည့် လုံလောက်သောအစီအမံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကြောင့် ကြံ့ကြံ့ခံနိုင်သော ခရီးစဉ်ဒေသတစ်ခုအဖြစ် လျင်မြန်စွာပြန်လည်ထူထောင်နိုင်မည်ဖြစ်ပါသည်။ ယင်းသည်ပင် အောင်မြင်သော ခရီးစဉ်ဒေသတစ်ခုအဖြစ် သက်သေပြုမှုပင်ဖြစ်ပါသည်။

 

အယ်လ်နီညိုဖြစ်စဉ်များ မတိုင်မီကပင် ရာသီဥတုသည် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်ကို လွှမ်းမိုး လေ့ရှိသည့် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ “မန္တလေးမှာအတော်ပူနေသလား”၊ “ကလောမှာ စအေးနေပြီလား”၊ “ရန်ကုန်မှာ မိုးအလွန်များနေသလား” စသော မေးမြန်းစုံစမ်းချက်များက “လေယာဉ်လက်မှတ်ရနိုင်သလား”၊ “ကားနဲ့သွားဖို့ အဆင်ပြေသလား” စသည့်မေးမြန်းမှုများကဲ့သို့ပင် ခရီးသွားများအတွက် သွားရောက်လည်ပတ်မည့် ခရီးစဉ်ဒေသရွေးချယ်မှုဆိုင်ရာ အဆုံးအဖြတ်များတွင် အရေးပါသော အကြောင်းအချက်များ ဖြစ်ပါသည်။

 

ရာသီဥတုအခြေအနေများအပေါ် မူတည်၍ ခရီးသွားများသည် ခရီးစဉ်ရက် အပြောင်းအလဲပြုလုပ်ခြင်း၊ ခရီးစဉ်ဒေသ ပြောင်းလဲရွေးချယ်ခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်းတို့ကို ပြုလုပ်လေ့ရှိကြပါ သည်။ သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကဲ့သို့သော ပြင်းထန်သော ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များသည် ခရီးသွားလုပ်ငန်းအပေါ် မည်မျှသက်ရောက်မှုရှိမည်ကို အလွယ်တကူပင်ခန့်မှန်း၍ ရနိုင်ပါသည်။

 

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ မတူကွဲပြားသည့် ရာသီဥတုရေမြေအနေအထားများ ကို ပိုင်ဆိုင်ထားရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကဲ့သို့သော ကမ္ဘာသိထင်ရှားသည့် ခရီးစဉ်ဒေသတည်ရှိရာ ပူပြင်းခြောက်သွေ့သော မြန်မာနိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသ၊ ငွေဆောင်၊ ချောင်းသာ ကဲ့သို့သော ပင်လယ်ကမ်းခြေအပန်းဖြေခရီးစဉ်ဒေသများ၊ မြန်မာနိုင်ငံတောင်ပိုင်းရှိ မြိတ်ကျွန်းစု ကဲ့သို့သော အဏ္ဏဝါနှင့် ကမ်းရိုးတန်းခရီးစဉ်ဒေသများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကဲ့သို့သော တောင်ကုန်းတောင်တန်းနှင့် ရေမြေသဘာဝအလှအပကို အခြေပြုသော ခရီးစဉ်ဒေသများ စသည်ဖြင့် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန်အတွက် ကောင်းမွန်သော အခွင့်အလမ်းများသဖွယ်တည်ရှိနေပါသည်။ သို့သော်‌‌ ရေမြေဒေသကွာခြားခြင်းကြောင့် ရာသီဥတုဆိုင်ရာ အားနည်းချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများမှာ ကွာခြားသွားနိုင်ပါသည်။

 

ထို့ကြောင့် ရာသီဥတုအခြေအနေနှင့် လမ်းကြောင်းအခြေအနေဆိုင်ရာ သတင်းအချက် အလက်များရယူဖြန့်ဝေခြင်း၊ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်းနှင့် ကိုင်တွယ်ထိန်းသိမ်းခြင်း၊ အစားထိုးအစီအစဉ်နှင့် ဒေသခံလူထုနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်သင့်ပါသည်။ အပူချိန်လွန်ကဲမှု၊ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုဆိုင်ရာ သတိပေးအချက်အလက်များ၊ ယင်းဖြစ်စဉ်များကြောင့် ခရီးစဉ်ဒေသ ယာယီပိတ်သိမ်းမှုများကို မိုးလေဝသနှင့်ဇလဗေဒဆိုင်ရာဌာနများ၊ ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်များမှ အချိန်မီရရှိနိုင်စေရန် စီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး ခရီးသွားဧည့်သည်များသို့ အသိပေးအကြောင်းကြားခြင်း၊ ခရီးစဉ်အစီအစဉ်များ ပြောင်းလဲခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

 

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အမေရိကန်နိုင်ငံ National Oceanic and Atmos-pheric Administration (NOAA) ၏ Climate Prediction Center မှ ထုတ်ပြန်မှုအရ အယ်လ်နီညိုသည် ပိုမိုအားကောင်းလာနေပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်းအထိ အားကောင်းသည့် သို့မဟုတ် အလွန်အားကောင်းသည့် အခြေအနေဖြစ်ပေါ်နိုင်ခြေ မြင့်မားနေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

ယင်းကာလသည် မြန်မာနိုင်ငံ၌ ခရီးသွားရာသီနှင့် တိုက်ဆိုင်လျက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင်လည်း လာမည့်အယ်လ်နီညိုကို ရင်ဆိုင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် ပြည်သူလူထုအကြား အသိပညာပေးမှုများ ပြုလုပ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ရာသီဥတုကို လူသားတို့က အပြည့်အဝထိန်းချုပ်နိုင်မည်မဟုတ်သော်လည်း ရာသီဥတုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများအပေါ် မိမိတို့၏ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုများကိုမူ ပိုမိုတိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

 

အယ်လ်နီညိုက ခရီးသွားလုပ်ငန်းကို မည်သို့ပြောင်းလဲစေမလဲဆိုသည်မှာ အရေးကြီးသည့် မေးခွန်းတစ်ခုဖြစ်သော်လည်း ထို့ထက်ပို၍ အရေးကြီးသည်မှာ အဆိုပါပြောင်းလဲမှုများကို ရင်ဆိုင်ရန် ခရီးသွားလုပ်ငန်းကဏ္ဍက မည်မျှကြိုတင် ပြင်ဆင်ထားသနည်းဆိုသော မေးခွန်းပင်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်း၏ အနာဂတ်ကိုအာမခံနိုင်ရန် ခရီးသွားဆွဲဆောင်မှုများကို ရောင်းချသည့် လုပ်ငန်းကဏ္ဍတစ်ခုအဖြစ်သာ မရှုမြင်ဘဲ သဘာဝ ပတ်ဝန်းကျင်နှင့် အပြန်အလှန်မှီခိုနေသည့် စီးပွားရေးကဏ္ဍတစ်ခုအဖြစ် ရှုမြင်နားလည်နိုင်ရန် လိုအပ်ပါသည်။

 

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း၊ လူသားတို့၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးခြင်းနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုကို ဦးစားပေးခြင်း တို့သည် အနာဂတ်ခရီးသွားလုပ်ငန်း၏ အောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်များဖြစ်လာ မည်ဖြစ်ပါသည်။ အယ်လ်နီညို၏ သက်ရောက်မှုများကို ခရီးသွားလုပ်ငန်း၏ အခက်အခဲများအဖြစ်ရှုမြင်မည့်အစား ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်များတည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ်ရှုမြင်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှတုံ့ပြန်ခြင်းထက် ကြိုတင်ခန့်မှန်းပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။