နေပြည်တော် အောက်တိုဘာ ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ အောက်တိုဘာ ၂၀ ရက် မှစတင်၍ လေ့လာရေးသွားရောက်ခဲ့ကြသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များပါဝင်သော လေ့လာရေးအဖွဲ့သည် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါမျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိနေစဉ် အောက်တိုဘာ ၂၁ ရက်တွင် Viettel Academy ကို လည်းကောင်း၊ အောက်တိုဘာ၂၂ ရက်တွင် FPT Software Center ၊ Viettel Global ရုံးချုပ်၊ Viettel Telecom နှင့် Viettel Post အားလည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် ဟိုချီမင်း၏ဂူဗိမာန်၊ One Pillar Pagoda အားလည်းကောင်း၊ ပထမဆုံးရှေးဟောင်းတက္ကသိုလ်၊ Hoan Kiem ကန်ပတ်ဝန်းကျင်တွင် လမ်းလျှောက်လေ့လာခဲ့သည့်အပြင် ကမ္ဘာလှည့်ခရီးသွားများအကြား ထင်ရှားရေပန်းစားသော Hanoi Train Street အားလည်းကောင်း၊ Hoa Lo အကျဉ်း ထောင်ဟောင်းတို့ကိုလည်းကောင်း လေ့လာလည်ပတ်ခဲ့ကြသည်။
အလားတူအောက်တိုဘာ ၂၄ ရက်တွင် ဟွာလူး(Hoa Lu)မြို့ (၁၁) ရာစုခေတ်က Dnih နှင့် Le မင်းဆက်တို့၏ ရှေးဟောင်းမြို့တော် UNESCO မှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားသော Trang An (ထရန်အန်း)ရှိ ထုံးကျောက်တောင်များ၊ ရေကန်နှင့်လိုဏ်ဂူများ၊ စိမ်းလန်းစိုပြည်သော သဘာဝရှုခင်းနေရာများအား သွားရောက်လည်ပတ်ခဲ့ကြကြောင်းနှင့် အောက်တိုဘာ ၂၅ ရက်တွင် ကမ္ဘာကျော် Halong Bay (UNESCO ကမ္ဘာ့အမွေအနှစ် နေရာများ)အား လေ့လာလည်ပတ်ခဲ့ကြသည်။
လေ့လာရေးခရီးသွားရောက်ခဲ့သည့် မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိရပါသည်-
၁။ ဒီသဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ လှပတဲ့နေရာတွေကိုလည်း ကျွန်မတို့လေ့လာခဲ့ ရပါတယ်။ အဲဒီမှာသူတို့တွေ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းထားနိုင်လဲ၊ အဲဒါပြီးသွားလို့ရှိရင် ဘယ်လိုလှအောင် ပြုလုပ်ထားပြီးတော့ ကမ္ဘာတစ်ဝန်းခရီးသွားတွေကို ဘယ်လိုမျိုး ဆွဲဆောင်ထားနိုင်လဲဆိုတာကိုလည်း ကျွန်မတို့တွေ့ရှိခဲ့ရပါတယ်။ ကျွန်မအနေနဲ့ဒီ Viettel Academy ၊ Viettel Global အစရှိတဲ့ သူတို့ရဲ့ နည်းပညာ တော်တော်လေးကို တိုးတက်နေတဲ့၊ တိုးတက်အောင် စွမ်းဆောင်နေတဲ့ ကုမ္ပဏီကြီးကို လေ့လာတဲ့အခါမှာ သူတို့ကနိုင်ငံတော်ကို တစ်ဖက်တစ်လမ်းကနေပြီးတော့ ဒီနည်းပညာပိုင်းကနေလူငယ်တွေအတွက်ရော အခွင့်အလမ်းတွေ အတွက်ပါ သူတို့အများကြီးအထောက်အပံ့ပေးနေတာကို တွေ့ရပါတယ်။ ဒီလို ကုမ္ပဏီကြီးတစ်ခုမှာ သူတို့ရဲ့အကြောင်းတွေကို လေ့လာရင်းနဲ့ သူတို့မေးတဲ့မေးခွန်းလေးတွေကို ဖြေဆိုပြီးတော့ သူတို့ပေးတဲ့ အမှတ်တရလက်ဆောင်လေးရရှိ ခဲ့တဲ့အတွက် ကျွန်မကလည်း အတိုင်းမသိ ဝမ်းသာပါတယ်။ မဖြေဆိုခင်မှာ ကျွန်မကို သူတို့ကုမ္ပဏီအကြောင်း ဗီဒီယို ကလစ်လေးတစ်ခုပြတယ်။ အဲဒါပြီးသွားလို့ရှိရင် သူတို့ ဥပမာ ၅ မိနစ်ဆိုရင် ၅ မိနစ်အတွင်းမှာ အချက်အလက်လေးတွေကို မှတ်သားရပါတယ်။ အဲဒါအပြင် Kahoot ဆိုတဲ့ အက်ပလီကေးရှင်း ကနေပြီးတော့ ကျွန်မတို့တွေလေ့လာတဲ့ ကျောင်းသား ကျောင်းသူတွေက ကိုယ့်ရဲ့နာမည်နဲ့ ကာရိုက်တာလေးတွေကို ထည့်ပြီးတော့ ကျွန်မတို့မေးခွန်းတစ်ခု ချင်းစီကို ဖြေဆိုရပါတယ်။ မေးခွန်းတစ်ခုအတွက် သူက choice လေးတွေ ပေးထားတယ်။ အဲဒီ choice လေးတွေထဲကနေမှ ရွေးပြီးတော့ တစ်ခါဖြေပြီးသွားရင် အမှတ်အများဆုံးက ဘယ်သူလဲဆိုပြီးတော့ မေးခွန်းတစ်ခါဖြေတိုင်း အဲလိုမျိုးစာရင်းလေးပေါ်လာပါတယ်။ အဲဒါဆိုတော့ သူငယ်ချင်း အချင်းချင်းလည်း ကိုယ်ကသူ့ထက် အမှတ်သာချင်တယ်ဆိုတော့ အပြိုင်အဆိုင်နဲ့ အဲဒီဗီဒီယိုကလစ်လေးကို သေချာလေးကြည့်ရှုပြီး မှတ်သားပြီးတော့ ဖြေဆိုခဲ့ရပါတယ်။ အလွန်လည်း ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။ ကျွန်မတို့ အခုလိုလေ့လာခဲ့တဲ့အခါမှာ သူတို့ရဲ့တိုးတက်နေတဲ့ နည်းပညာတွေကိုလည်း အတုယူရပါတယ်။ အဲဒါပြီးတော့ သူတို့ရဲ့နိုင်ငံကို ဘယ်လိုမျိုး လှပအောင်လုပ်ပြီးတော့ သူတို့နိုင်ငံရဲ့ နိုင်ငံသားတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ လုပ်ကိုင်ခွင့်တွေ အတွက်လည်း သူတို့အများကြီး စွမ်းဆောင်နေတာကို ကျွန်မတို့ တွေ့ရှိခဲ့ရပါတယ်။ ကျွန်မတို့တွေက တက္ကသိုလ်ဝင်တန်းမှာ တစ်နှစ်လုံး ပင်ပင်ပန်းပန်းနဲ့ ကြိုးစားခဲ့ရတယ်။ ပြီးတော့အခုလို အောင်မြင်မှုတွေ ရရှိခဲ့တယ်။
အောင်မြင်မှုတွေရရှိခဲ့တဲ့ အပေါ်မှာ ကျွန်မတို့ကို ဂုဏ်ပြုပေးတဲ့အနေနဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကြီးက ပြည်ပ လေ့လာရေးခရီးစဉ်ကို စေလွှတ်ပေးခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့က အသိပညာ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ အဲဒါတွေကို ကောင်းကောင်းအသုံးချပြီးတော့ ကျွန်မတို့နိုင်ငံကြီးကိုလည်း ပိုပြီးတိုးတက်အောင်၊ ကြီးပွားအောင် ကျွန်မတို့ဘက်ကလည်း စွမ်းဆောင်သွားမှာပါ။
၂။ အခုကျွန်မတို့ ဗီယက်နမ်နိုင်ငံသွားခဲ့တာကတော့ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိလေ့လာရေးခရီးစဉ် သွားခဲ့တာဖြစ်ပါတယ်။ ခြောက်ညအိပ် ခုနစ်ရက်အတွင်းမှာ ကျွန်မတို့ ဗီယက်နမ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အကြောင်းကိုလည်း လေ့လာခဲ့ရတယ်။ ပြီးတော့ဗီယက်နမ်နိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေ၊ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေနဲ့ နောက်ဆုံး Viettel ကုမ္ပဏီပေါ့၊ Viettel ကုမ္ပဏီနဲ့ FPT ကုမ္ပဏီ တို့ရဲ့ တိုးတက်ပြောင်းလဲမှုတွေ ရယ်၊ သူတို့ရဲ့သမိုင်းကြောင်း အခြေအနေတွေကိုပါ ကျွန်မတို့ လေ့လာခဲ့ရပါတယ်။ ကျွန်မတို့ ၂၂ ရက်နေ့ သွားတဲ့ခရီးစဉ်မှာဆိုရင် ဒီ Viettel ကုမ္ပဏီရဲ့ အကြောင်း ကိုလေ့လာရတယ်။ အဲဒီ Viettel ကုမ္ပဏီမှာဆိုရင် သူကသူ့ရဲ့ ဗိသုကာမြောက်တဲ့ အဆောက် အအုံတွေလည်းရှိတယ်။ ပြီးတော့ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာအမျိုးအစား အမျိုးမျိုးလည်းရှိတယ်။ အဲဒီအကြောင်းတွေကိုလည်း ကျွန်မတို့ လေ့လာခဲ့ရတယ်။ ပြီးတော့ သူတို့က ဒီမတိုင်ခင်မှာ သူတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Short Film တစ်ခုလည်းပြတယ်။ Short Film တစ်ခုအကြောင်းနဲ့ ပတ်သက်ပြီးတော့ သူနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို မေးမြန်းတဲ့ ဂိမ်းကစားနည်းတစ်ခုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ကျွန်မကတော့ အဲဒီဂိမ်းကစား နည်းမှာ ပထမရရှိခဲ့တဲ့ဆုရှင် ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ သူငယ်ချင်းနဲ့အတူ ပျော်ပျော်ပါးပါးကစားရင်းနဲ့ ရရှိခဲ့တဲ့ ဆုဖြစ်တာဖြစ်တဲ့အတွက် အမှတ်တရကောင်းများစွာကိုလည်း ဖန်တီးပေးနိုင်သလို ကျွန်မကဘဝတစ်ဆစ်ချိုး အမှတ်တရတစ်ခု ဖြစ်တဲ့ Grade- 12 စာမေးပွဲ ပြီးဆုံးပြီးနောက်မှာ ရရှိတဲ့နောက်ထပ် ထပ်ဆောင်းဆုတစ်ခု ဖြစ်တာကြောင့် အမှတ်တရ ဖြစ်တဲ့အပြင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
သတင်းစဉ်




