အခွန်ဆိုင်ရာ အယူခံခြင်းမှသည် တရားမျှတမှုဆီသို့

ဒေါက်တာအိလှိုင်းသက်ဇာ

အခွန်ငွေများကို မှန်မှန်ကန်ကန် အပြည့်အဝကောက်ခံရရှိရေးသည် နိုင်ငံတော်၏ အများပြည်သူဆိုင်ရာ အသုံးစရိတ်များ၊ အခြေခံအဆောက်အအုံများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ပေသည်။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “အခွန်ထမ်းဆောင်မှု နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသူများ၊ ပြည်သူများအနေဖြင့် အခွန်ငွေများကို ထမ်းဆောင်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အခွန်ထမ်းငွေများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ အခွန်ထမ်းငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်သည့် နေရာများတွင် အကျိုး ရှိရှိ အသုံးချကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများ အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ငွေများကို ထိထိရောက်ရောက် အသုံးချရာတွင် အခွန်ထမ်းပြည်သူများ၏မျက်နှာကို ကြည့်ရန် လိုကြောင်း” လမ်းညွှန်မှာကြားခဲ့ပါသည်။ အခွန်ငွေနှင့်စပ်လျဉ်း၍ နိုင်ငံသား၊ အခွန်ထမ်းများ၏အခန်း ကဏ္ဍကိုလည်း အလေးအနက်ထား ထည့်သွင်းစဉ်းစားကြရန် မိန့်ကြားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဘက်မှ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများရရှိရေးအတွက် တည်ဆဲဥပဒေများ နှင့်အညီ စနစ်တကျ စည်းကြပ်ကောက်ခံပြီး လိုအပ်သောနေရာများတွင် အကျိုးရှိရှိအသုံးချရန် လိုအပ်သကဲ့သို့ အခွန်ထမ်းများဘက်တွင်လည်း မိမိပေးဆောင်ရမည့် အခွန်များနှင့်စပ်လျဉ်း၍ မှန်ကန်စွာ နားလည်သိရှိနိုင်ခွင့်၊ ပေးဆောင်လိုက်ရသည့် အခွန်အပေါ် ကျေနပ်လက်ခံခွင့်၊ ကျေနပ်မှု မရှိပါက ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်တို့ရရှိရန် လိုအပ်မည် ဖြစ်ပါသည်။

အခွန်အကောက်ဆိုင်ရာဥပဒေများနှင့်အညီ အခွန်စည်းကြပ်ကောက်ခံရာတွင် အခွန်ကောက်ခံ သူဌာန၊ အဖွဲ့အစည်းများနှင့် နိုင်ငံသား၊ အခွန်ထမ်းတို့အကြား နားလည်မှုလွဲမှားခြင်းများ၊ အခွန် စည်းကြပ်မှုနှင့်ပတ်သက်၍ အယူအဆ သဘောထား ကွဲလွဲမှုများ၊ ပို့ကုန်သွင်းကုန် သတ်မှတ်ချက်များ အပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထိုအငြင်းပွားမှုများကို ဥပဒေနှင့်အညီ မှန်ကန် မျှတစွာဖြေရှင်းပေးနိုင်သည့် ကောင်းမွန်သော အခွန်အယူခံစနစ်တစ်ရပ် ခိုင်မာစွာတည်ဆောက် နိုင်ရန်လိုအပ်ပါသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံရုံးများကို ဖွဲ့စည်းတည်ထောင်ပြီး အခွန်ထမ်းတို့၏ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်များ ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းကို ပြန်လည်တင်ပြလိုပါသည်။

အခွန်အယူခံခုံအဖွဲ့၏နောက်ခံသမိုင်း

အခွန်အယူခံခြင်းနှင့်စပ်လျဉ်း၍ ၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံအမြတ်တော်ခွန် (ပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ ၅ - က အရ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်သုံးဦးတို့ဖြင့် အမြတ်တော်ခွန်အယူခံခုံရုံးကို စတင်ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။ တော်လှန်ရေး ကောင်စီအစိုးရလက်ထက် (၁-၁၀-၁၉၇၂) ရက်နေ့ မှစ၍ ခုံအဖွဲ့ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးဖြင့် အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန် အယူခံမှုများသာမက အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန် စသော အခွန်အကောက်ဆိုင်ရာအမှုများနှင့် စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် တရားရုံးချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားသည့်လွှဲအပ်မှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ယခင် အမြတ်ခွန် အယူခံခုံရုံးကို အခွန်အယူခံခုံအဖွဲ့ဟူ၍ ပြောင်းလဲသတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် ၁၉၇၆ ခုနှစ်၊ အမြတ်ခွန် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) အရ ဝန်ကြီးအဖွဲ့၏ (၁၁-၁၂-၁၉၇၆) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂)ဖြင့် လည်းကောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ (၂၈-၇-၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၈၉)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့၏ (၃၁-၅-၂၀၁၇) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၅၄/၂၀၁၇)ဖြင့် လည်းကောင်း အခွန်အယူခံခုံအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်၍ အမှုများအား ကြားနာစစ်ဆေး ဆုံးဖြတ်ခဲ့ကြပါသည်။

အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းခြင်း

နိုင်ငံတော်အနေဖြင့် ထိရောက်သည့်အခွန် စီမံခန့်ခွဲမှုယန္တရားတစ်ရပ် အခိုင်အမာဖြစ်ပေါ်လာရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံသား၊ အခွန်ထမ်းများအနေဖြင့် ဥပဒေနှင့်အညီ အခွန်ငွေများပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှု အခွင့်အရေးများရရှိစေရေးအတွက် လည်းကောင်း၊ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်များရရှိစေရေး အတွက်လည်းကောင်း ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ရပ်ကို ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရန် လိုအပ်လာပါသည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွန်းလာသောအခါ ပုဒ်မ ၉၆ ကို ရည်ညွှန်းလျက် ဇယား (၁) တွင် ဖော်ပြထားသည့် ပြည်ထောင်စုဥပဒေပြုစာရင်း အပိုဒ် ၃၊ အပိုဒ်ခွဲ (ဍ) ပါ “အခွန် အယူခံခြင်း” ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အယူခံခုံအဖွဲ့ဥပဒေကို (၁-၈-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၂၃ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။

ထိုသို့ အတည်ပြုပြဋ္ဌာန်းခဲ့သည့် အခွန်အယူခံ ခုံအဖွဲ့ဥပဒေနှင့်အညီ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေပြဋ္ဌာန်းချက်များ၌ ဖော်ပြထားသော ပြည်ထောင်စုဝန်ကြီးဌာန အမည်အား ပြင်ဆင်ရန် လိုအပ်ခြင်း၊ အဓိပ္ပာယ် ဖွင့်ဆိုချက်အချို့ကို ပိုမိုပြည့်စုံစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်ခြင်း၊ ခုံအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ခြင်း၊ ခုံအဖွဲ့၏လုပ်ပိုင်ခွင့်များတွင် အရေးပါဆုံးဖြစ်သည့် စီရင်ဆုံးဖြတ်ပိုင်ခွင့်ကို ပိုမိုပြည့်စုံစေရေး အတွက် ဖြည့်စွက်ရန်လိုအပ်ခြင်း၊ စကားရပ်အချို့ နှင့်စပ်လျဉ်း၍ ဥပဒေနှင့် နည်းဥပဒေတို့တွင် ညီညွတ်မှုဖြစ်စေရေးအတွက် ပြင်ဆင်ရန်လိုအပ်ခြင်း၊ အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ကို ရှင်းလင်းစွာပေါ်လွင်စေရေးအတွက် ပြင်ဆင်ရန် လိုအပ်လာခြင်းတို့ကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ ကြပါသည်။ ထို့နောက် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို (၂၆-၂-၂၀၂၆) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၉/၂၀၂၆ ဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

ယခင် အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို (၂၇-၉-၂၀၁၉) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄၁/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ ကို ပြင်ဆင်သည့် နည်းဥပဒေများအား (၄-၅-၂၀၂၁) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၉/၂၀၂၁ ဖြင့် ပြဋ္ဌာန်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်တွင် အခွန် အယူခံခုံအဖွဲ့ဥပဒေကို ပြန်လည်ပြင်ဆင်ပြဋ္ဌာန်း ပြီးဖြစ်၍ ပြင်ဆင်သည့်ဥပဒေနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ခုံအဖွဲ့၏အခန်းကဏ္ဍနှင့် ဆောင်ရွက်ချက်များ

အခွန်အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၄ အရ ခုံအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သောပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဥပဒေ၊ အခွန်၊ စာရင်းကိုင်၊ စာရင်းစစ် တို့နှင့်သက်ဆိုင်သည့် နယ်ပယ်များတွင် ညွှန်ကြားရေးမှူးအဆင့်နှင့်အထက် ရာထူးရှိပြီး အရာထမ်းလုပ်သက် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် အစိုးရအဖွဲ့က ကျွမ်းကျင်ပညာရှင်အဖြစ် ရွေးချယ်သတ်မှတ်သူ အဖွဲ့ဝင်များ စုစုပေါင်း ငါးဦးမှ ကိုးဦးအထိပါဝင်သည့် ခုံအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရန်ဖြစ်ပါသည်။ ၂၂-၆-၂၀၂၀ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ အခွန်အယူခံခုံအဖွဲ့၏ ပထမသက်တမ်း ကုန်လွန်ခဲ့ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၀-၆-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၅ ဖြင့် ထပ်မံဖွဲ့စည်းတာဝန်ပေးအပ်ချက်အရ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခုနစ်ဦးပါဝင်သော ခုံအဖွဲ့သည် လက်ရှိ အခွန်အယူခံခုံအဖွဲ့၏ တာဝန်များကို ဒုတိယသက်တမ်း အဖြစ် ဆက်လက်ထမ်းဆောင်လျက်ရှိပါသည်။

ခုံအဖွဲ့သည် အခွန်အယူခံခုံအဖွဲ့ဥပဒေအရ တင်သွင်းလာသော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည် သုံးသပ်မှုနှင့် လွှဲအပ်မှုများကို စိစစ်လက်ခံကြားနာ၍ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိပါသည်။ ခုံအဖွဲ့သို့ အမှုများတင်သွင်းရာတွင် သက်ဆိုင်ရာအမှုအလိုက် သတ်မှတ်ထားသော လျှောက်လွှာပုံစံများဖြင့် ဖြည့်စွက်လျှောက်ထားကြရပါသည်။ လျှောက်လွှာ ပုံစံများကို အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများတွင် နောက်ဆက်တွဲပုံစံများဖြင့် ဖော်ပြထားပြီး ခုံအဖွဲ့၏ ဝက်ဘ်ဆိုက်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ လိုအပ်ပါက နေပြည်တော် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း၏ မြောက်ဘက်၊ ရုံးအမှတ် (၅၇) အခွန် အယူခံခုံအဖွဲ့ရုံးရှိ မှတ်ပုံတင်အရာရှိထံ ကိုယ်တိုင်လာရောက် တောင်းခံရယူနိုင်ပါသည်။

ခုံအဖွဲ့သို့ အမှုများလျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ ပြည့်စုံစွာပါရှိစေရန် သတိပြုဆောင်ရွက်ရပါမည်။ အမှုများတင်သွင်းကြရာတွင် တစ်ပြေးညီဖြစ်စေရေးနှင့် စနစ်တကျ ဖြစ်စေရေးအတွက် သတ်မှတ်ထုတ်ပြန်ထားသော အခွန်အယူခံခုံအဖွဲ့၏ ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။ အမှုသည်က အခွင့်ရကိုယ်စားလှယ် လွှဲအပ်၍ အမှုလျှောက်ထားရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ခုံအဖွဲ့၏ ၁၃-၂-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ ဖြင့်လည်းကောင်း၊ အမှုကြားနာရန် ကြိုတင် သတိပေးအမှုခေါ်စာရင်း မထုတ်ပြန်မီ လျှောက်ထားသူက ထပ်မံဖြည့်စွက် လျှောက်ထားချက် တင်ပြ လိုပါက လျှောက်ထားရမည့်ပုံစံနှင့် ကုမ္ပဏီ၊ အစုစပ် လုပ်ငန်းက လွှဲအပ်သောကိုယ်စားလှယ်လွှဲစာပုံစံ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာပုံစံ၊ ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားသည့် ပုံစံများကို အခွန်အယူခံခုံအဖွဲ့၏ ၂၅-၈-၂၀၂၅ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၅ ဖြင့် လည်းကောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ထားပါသည်။

လျှောက်ထားတင်သွင်းသည့် အမှုများနှင့် စပ်လျဉ်း၍လည်း တည်ဆဲဥပဒေများနှင့်ညီညွတ်စေရန် ခုံအဖွဲ့က ညွှန်ကြားချက်များ ထုတ်ပြန်ထားပါသည်။ ဥပမာ-အယူခံမှုတွင် ခုံအဖွဲ့ကချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်မှု ဖွင့်လှစ်ဆောင်ရွက်ပေးပါရန် လျှောက်ထား ရာတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရေးအတွက် လျှောက်ထား သူများ သိရှိလိုက်နာရမည့်အချက်များကို အခွန် အယူခံခုံအဖွဲ့၏ ၂၆-၉-၂၀၂၃ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန်ထားပါသည်။ နိုင်ငံသား၊ အခွန်ထမ်းများအနေဖြင့် ဥပဒေပြဋ္ဌာန်းချက် နှင့်အညီ မှန်ကန်မျှတသော အခွင့်အရေးများ ရရှိစေရေး၊ ဥပဒေနှင့်မညီသော လျှောက်ထားမှုများ ဖြစ်ပါက လျှောက်ထားချက်ကို ငြင်းပယ်ခံရမည် ဖြစ်၍ မလိုအပ်ဘဲ အချိန်နှင့် ငွေကြေးကုန်ကျမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် ညွှန်ကြားချက်များ ထုတ်ပြန်အသိပေး ရခြင်းဖြစ်ပါသည်။ ယင်းအမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ခုံအဖွဲ့၏ ဝက်ဘ်ဆိုက်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတို့တွင် ထည့်သွင်းဖော်ပြထားပါသည်။

နိုင်ငံသား၊ အခွန်ထမ်းများ၏ တာဝန်နှင့် အခွင့်အရေးများ

အခွန်ထမ်းတစ်ဦးသည် နိုင်ငံ့သားကောင်း ပီသစွာဖြင့် မိမိဆန္ဒအလျောက် အခွန်ပေးဆောင်ရန် တာဝန်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း ဥပဒေအရ ခွင့်ပြုထားသည့် အခွင့်အရေးများကို ခံစားခွင့်ရှိပါ သည်။ နိုင်ငံသား၊ အခွန်ထမ်းများသည် မိမိအား စည်းကြပ်ကောက်ခံသည့် အခွန်အကောက်များ အပေါ် ဥပဒေနှင့်အညီ မှန်ကန်မှုရှိ၊ မရှိ၊ တန်းတူ ညီမျှမှုရှိ၊ မရှိတို့နှင့်စပ်လျဉ်း၍ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဖြစ်ပါသည်။ ထိုအချက်သည် စွမ်းဆောင်ရည်မြင့်မားသော အခွန်စီမံခန့်ခွဲမှုစနစ်၏ တိကျစွာသတ်မှတ်ထားသော စံတန်ဖိုးတစ်ရပ်ပင်ဖြစ်ပါသည်။

အခွန်ထမ်းများအနေဖြင့် အခွန်အယူခံပိုင်ခွင့် အခွင့်အရေးကို ရယူအသုံးပြုလိုပါက အခွန် အယူခံခုံအဖွဲ့ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အခွန်ဆိုင်ရာအယူခံသည့် ကိစ္စရပ်များကို အခွန်အယူခံခုံအဖွဲ့ဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ ဥပဒေ ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသဖြင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွက် ကောက်ခံသည့် အခွန်အကောက်အားလုံး၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများနှင့်သက်ဆိုင်သော အမိန့်များ၊ ဆုံးဖြတ်ချက်များ အပေါ် အယူခံလိုပါက အခွန်အယူခံခုံအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားကြ ရန်သာဖြစ်ပါသည်။ အမှုကြောင်းခြင်းရာပြဿနာနှင့်စပ်လျဉ်း၍ ခုံအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပါသည်။

တရားမျှတမှုဆီသို့

“တရားမျှတမှု” ဆိုသည်မှာ ကျင့်ဝတ်သိက္ခာကို အခြေခံ၍ သန့်ရှင်းဖြူစင်သည့်စိတ်ဓာတ်ဖြင့် မှန်ကန်ခြင်းကို ဦးတည်ဖော်ဆောင်ပေးသော လောကပါလတရားပင်ဖြစ်ပါသည်။ အခွန်အယူခံ ခုံအဖွဲ့က အမှုများကို ဆုံးဖြတ်ဆောင်ရွက်ရာတွင် နိုင်ငံသား၊ အခွန်ထမ်းများဘက်ကိုသာ အလေးတင်း ရပ်တည်ပေးခြင်းမဟုတ်သကဲ့သို့ နိုင်ငံတော်၏ အခွန်ကောက်ခံသူဌာန၊ အဖွဲ့အစည်းများဘက်ကိုသာ အလေးပေး ဆောင်ရွက်ခြင်းမျိုးလည်း မဟုတ်ပေ။ အခွန်အယူခံခုံအဖွဲ့သည် အငြင်းပွားမှုများနှင့်သက်ဆိုင်သည့် အချက်အလက်နှင့် အထောက်အထားများကို အဂတိတရားကင်းရှင်းစွာ စိစစ်၍ သက်ဆိုင်ရာ အခွန်အကောက်ဥပဒေများ၊ တည်ဆဲဥပဒေများနှင့်အညီ မှန်ကန်စွာ သုံးသပ်ညွှန်ပြအဆုံးအဖြတ်ပြုခြင်း၊ နိုင်ငံသား၊ အခွန်ထမ်း များ၏ တရားဝင် အခွင့်အရေးများကို ဥပဒေအရ ကာကွယ်ပေးခြင်းနှင့် နိုင်ငံတော်အတွက် ရသင့် ရထိုက်သော အခွန်အကောက်များ ဆုံးရှုံးမှုမရှိစေခြင်း စသည့် သင့်လျော်သော ဟန်ချက်ညီမှုကို ထိန်းညှိဖော်ဆောင်ပေးနိုင်သည့် အရေးပါသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

အခွန်အယူခံခုံအဖွဲ့သည် တင်သွင်းလျှောက်ထားလာသော အမှုများကို ဥပဒေနှင့်အညီ ကြားနာ ဆုံးဖြတ်ရာတွင် ခုံအဖွဲ့၏ဆုံးဖြတ်ချက်သည် “အရှုံး အနိုင်” သဘောမျိုး ဦးတည်သတ်မှတ်ဆုံးဖြတ်ခြင်း မဟုတ်ပါ။ တရားမျှတမှုနှင့် မှန်ကန်မှုကို အခြေပြု ဆုံးဖြတ်ပေးခြင်းဖြစ်ပါသည်။ အခွန်များကို တာဝန်ယူ ကောက်ခံသည့်ဌာန၊ အဖွဲ့အစည်းများ၏ဆောင်ရွက်ချက်များသည် သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါက ယင်းအချက်ကို ဖော်ပြလျက် လျှောက်ထားသူ နိုင်ငံသား၊ အခွန်ထမ်းများအား ညွှန်ပြအသိပေးခြင်းဖြင့် ဥပဒေနှင့်ညီညွတ်သော အခွန်စီမံခန့်ခွဲမှုကို ပေါ်လွင်ထင်ရှားစေပါသည်။ စိစစ်တွေ့ရှိချက်များအရ ဥပဒေနှင့်အညီ အခွန်များ ပေးဆောင်ရာတွင် နိုင်ငံသား၊ အခွန်ထမ်းများ၏ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ကြောင်း ထင်ရှားတွေ့ရှိရပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရန် တည့်မတ်ပေး ခြင်းဖြင့် မျှတမှုအခွင့်အရေးများကို ဖော်ဆောင်ပေး လျက်ရှိပါသည်။

တစ်နည်းအားဖြင့် စွမ်းဆောင်ရည်မြင့်မားသော အခွန်စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေရန်နှင့် အခွန်ထမ်းများ၏ ယုံကြည်ကိုးစားမှုရရှိစေရန် ဦးတည်လျက် အခွန်အယူခံခုံအဖွဲ့အနေဖြင့် အမှုများကို မြန်ဆန်၊ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက် အမိန့်များကို အများပြည်သူလေ့လာနိုင်ရန် အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများနှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပေးခြင်းဖြင့် အခွန်အယူခံစနစ်၏ ပွင့်လင်းမြင်သာမှုကို ထင်လင်းစေပြီး နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်မှုကို တိုးမြှင့်စေနိုင်မည်ဖြစ်ပါသည်။ အခွန်ဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာ သည့်အခါတွင်လည်း မည်သည့်ဥပဒေအရ မည်သူ့ထံ မည်သို့တင်ပြရမည်၊ မည်သည့်အထောက်အထားများကို ရှာဖွေပူးတွဲတင်ပြသင့်သည်တို့ကို အများပြည်သူ သိရှိနားလည်နိုင်မည်ဖြစ်ပါသည်။

အခွန်အယူခံခုံအဖွဲ့သို့ တင်သွင်းသောအမှုများတွင် အချို့သောအမှုကိစ္စများသည် ပစ္စည်း၊ ငွေကြေး နစ်နာဆုံးရှုံးခြင်းအတွက် တရားမျှတမှု အခွင့်အရေး ရယူလိုခြင်းသက်သက်မဟုတ်ဘဲ အခွန်ထမ်းဆောင် ခြင်းနှင့်စပ်လျဉ်းသည့် မိမိတို့၏ဂုဏ်သိက္ခာအတွက် ခုခံချေပ တင်ပြတောင်းဆိုမှုများဖြစ်ကြသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။ ထို့ကြောင့်လည်း အခွန်အယူခံခုံအဖွဲ့အနေဖြင့် အခွန်ဆိုင်ရာအမှုကိစ္စ များဆုံးဖြတ်ရာတွင် အမှုကြောင်းခြင်းရာများကို အလေးအနက်ထား၍ ဆင်ခြင်သုံးသပ် ဆောင်ရွက်ကြရပါသည်။ တန်ဖိုးကြီးမားသော အခွန်အကောက် ပမာဏများနည်းတူ အစဉ်အလာမြင့်မားသော စီးပွားရေးလုပ်ငန်းများ၏ ဂုဏ်သိက္ခာကိုလည်း အလေးထား၍ ဥပဒေနှင့်အညီ တရားမျှတမှုအခွင့် အရေးများရရှိစေရန် ဂရုတစိုက် စိစစ်ဆုံးဖြတ် ဆောင်ရွက်ရပါသည်။

အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ စွမ်းဆောင်ချက်များ

ခုံအဖွဲ့၏ရုံးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အခွန်အယူခံ ခုံအဖွဲ့ရုံးကို တည်ထောင်ထားရှိပါသည်။ အခွန် အယူခံခုံအဖွဲ့ရုံးသည် နိုင်ငံသား၊ အခွန်ထမ်းများ လွယ်လင့်တကူ အမှုများ တင်သွင်းလျှောက်ထားနိုင်စေရန်နှင့် ခုံအဖွဲ့က အခွန်ဆိုင်ရာအမှုများအပေါ် အချိန်မီ၊ စနစ်တကျ ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် ခုံအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ အမှုတင်သွင်းလျှောက်ထားချက်များကို လက်ခံရရှိသည့် အချိန်မှစ၍ စီရင်ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် အမှုတွဲများကို အမှုမှတ်တမ်းခန်း၌ ထိန်းသိမ်းထား ရှိခြင်းအပါအဝင် အမှုတွဲ မိတ္တူရေးကူးပေးသည့် အချိန်အထိ ရုံးလုပ်ငန်းစဉ်များကို လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။

အခွန်အယူခံခုံအဖွဲ့ရုံးသည် ခုံအဖွဲ့၏ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ အခွန်အယူခံ ခုံအဖွဲ့အမည်ဖြင့် ဖေ့စ်ဘွတ်စာမျက်နှာကို ၁-၉-၂၀၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး အခွန်အယူခံ ခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ လှုပ်ရှားမှုများကို သတင်းအချက်အလက် နည်းပညာများ အသုံးချဆောင်ရွက်လျက် အများပြည်သူများသိရှိနိုင်စေရန် လွှင့်တင်ဖော်ပြနိုင်ခဲ့ပါ သည်။ အခွန်အယူခံမှုဆိုင်ရာ ဆောင်ရွက်မှုများနှင့် ဆက်စပ်ဌာန/ အဖွဲ့အစည်းများ၏ သတင်းအချက် အလက်များအား သက်ဆိုင်ရာ အမှုသည်များနှင့် အများပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အတွက် အခွန်အယူခံခုံအဖွဲ့၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက် ကို ၁၂-၇-၂၀၂၄ ရက်နေ့မှစတင်၍ အောင်မြင်စွာ လွှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ဖြင့် အခွန် အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ ရုံးတို့သည် e-Government စနစ် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

အခွန်အယူခံခုံအဖွဲ့သည် အခွန်အယူခံဆိုင်ရာကြားနာမှုများနှင့်ပတ်သက်သည့် အစီရင်ခံစာကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ နှစ်စဉ် ပြည်ထောင်စုအစိုးရအဖွဲ့ သို့တင်ပြ၍ အများပြည်သူသိရှိစေရန် အခွန်အယူခံ ခုံအဖွဲ့ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ဆောင်ရွက် နိုင်ခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့ရုံးသည် ခုံအဖွဲ့က အမှုများကို ကြားနာဆုံးဖြတ်ရာတွင် အထောက်အကူအဖြစ် လေ့လာနိုင်ရန် နှစ်အလိုက် ဆုံးဖြတ်ပြီးစီးခဲ့သည့် အမှုတွဲများကို အမှုမှတ်တမ်းခန်းတွင် စနစ်တကျ ထိန်းသိမ်းထားရှိသကဲ့သို့ အမှုတွဲပါအချက်အလက် များကို ခေတ်မီနည်းပညာများအသုံးပြုလျက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန် Case Management System (CMS) ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ထားရှိပါသည်။

အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ခုံအဖွဲ့ရုံးထံမှ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့ Short Code “1111” ဖြင့် မိမိတို့ဝန်ဆောင်မှုရယူခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများကို SMS ပေးပို့မေးမြန်းကာ ပြည်သူတို့၏ တုံ့ပြန်ဖြေကြားမှုများ၊ အကြံပြုချက်များအရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

စာပေဗဟုသုတများ ပြန့်ပွားစေရေးနှင့် ဥပဒေ ဆိုင်ရာ အကိုးအကား အထောက်အကူများရရှိစေရေး အတွက် အခွန်အယူခံခုံအဖွဲ့ရုံး စာကြည့်တိုက်ကို ၃-၆-၂၀၂၂ ရက်နေ့တွင် စတင်တည်ထောင်ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ထို့အပြင် အခွန်အယူခံခုံအဖွဲ့က ကြားနာဆုံးဖြတ်ခဲ့သော စီရင်ချက်များအနက် ဥပဒေ ကြောင်းအရ ဖြေရှင်းရမည့်ကိစ္စရပ်များ၊ အကြောင်းခြင်းရာဆိုင်ရာ အငြင်းပွားမှုများကို သာမန်ထက်ပို၍ အလေးအနက်ထား ဆင်ခြင်သုံးသပ်ခဲ့ရသည့် ဆုံးဖြတ်ချက်အမိန့်များကို စိစစ်ရွေးချယ်၍ Norm စာအုပ်အဖြစ် စုစည်းမှတ်တမ်းပြုလျက်ရှိပါသည်။

အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့သည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေသည့်အဖွဲ့အစည်း၊ ဌာနများဖြစ်သည်နှင့်အညီ အဂတိလိုက်စားမှုအန္တရာယ်များ ပေါ်ပေါက်မှုမရှိ စေရန် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နည်းလမ်းများကို စီမံချက်များ ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။ “ယုံကြည် မျှတမှန်ကန် အခွန် အယူခံ”ဟူသော ဆောင်ပုဒ်နှင့်အညီ အဂတိတရား ကင်းစင်သောအဖွဲ့အစည်း၊ ဌာနအဖြစ် အခိုင်အမာ ရပ်တည်ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံသားနှင့် အခွန်ထမ်းများ၏ အယူခံပိုင်ခွင့်၊ ခုခံချေပခွင့်များကို အပြည့်အဝရရှိစေပြီး မှန်ကန်မျှတ၍ ဘက်လိုက်မှု မရှိဘဲ ကြားနာဆုံးဖြတ်ပေးနိုင်သော အခွန်အယူခံ ခုံအဖွဲ့၏ အစဉ်အလာကောင်းတစ်ရပ်ကို ချမှတ်ထူထောင်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

အခွန်အယူခံခုံအဖွဲ့၏ မျှော်မှန်းချက်မှာ “ပွင့်လင်းမြင်သာပြီး မျှတမှန်ကန်သည့် အခွန် အယူခံစနစ်ဖြင့် နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်အားထားမှုကို မြှင့်တင်ရန်”ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ လုပ်ငန်းတာဝန်များကို မျှော်မှန်းချက်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် မဟာဗျူဟာစီမံကိန်း တစ်ရပ်ကိုရေးဆွဲ၍ စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မျှော်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းရာတွင် မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းစဉ်အရပ်ရပ်ကို လမ်းပြမြေပုံအဖြစ် နှလုံးသွင်းလျက် အခွန်အယူခံ ခုံအဖွဲ့၏ဂုဏ်သတင်းကို ရေရှည်လင်းလက် တောက်ပနေရန် အရှိန်မြှင့်တင်၍ အစွမ်းကုန် ဆောင်ရွက်သွားကြရန်နှင့် ခုံအဖွဲ့ရုံးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထာဝစဉ်မှတ်ကျောက် တင်ခံနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန် အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးရှိ အဆင့်ဆင့်သောဝန်ထမ်းတို့သည် လက်တွဲညီညီ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရင်း ၂၉-၁၀-၂၀၂၆ ရက်နေ့တွင် ရောက်ရှိ မည့် အခွန်အယူခံခုံအဖွဲ့ရုံး၏ နှစ်ပတ်လည်အထိမ်း အမှတ်နေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။ ။

ကိုးကား

အခွန်အယူခံခုံအဖွဲ့သမိုင်းမှတ်တမ်း

အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေများ

မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်း အစီအစဉ်များ (၂၀၂၆ ခုနှစ်)

မဟာဗျူဟာအကောင်အထည်ဖော်နိုင်မှု မှတ်တမ်း (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ)