ညောင်ဦး အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော် )နေ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ခရီးသွား ဘုရားဖူးပြည်သူ သုံးသိန်းကျော် လာရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်ထံမှ သိရသည်။
ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် သီတင်းကျွတ် ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
အတွင်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူး ပြည်သူများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ သာသနိက အဆောက်အအုံများ၊ ဟိုတယ်၊ မိုတယ်များ၊ မီးပုံးပျံ လွှတ်ကွင်းများတွင် ခရီးသွားများဖြင့် စည်ကားနေကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ရောက်ရှိလာကြသည့် ခရီးသွားဘုရားဖူးများသည် ဘုရားဈေးတန်းများတွင် ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသနစာအုပ်များ၊ ပုဂံသမိုင်းရုပ်ပြစာအုပ်များ၊ ပုဂံဒေသထွက် ယွန်းပစ္စည်းအမျိုးမျိုး၊ ဒေသထွက်မုန့်အမျိုးမျိုး၊ ပုဂံရောက်အမှတ်တရ အဝတ် အစားများနှင့် ထန်းလျက်အမျိုးမျိုးတို့ကို ဝယ်ယူမှုများပြား လျက်ရှိကြောင်း၊ လျှပ်စစ်စက်ဘီးများကို အဖွဲ့လိုက် ငှားရမ်းစီးနင်းမှု များပြားလျက်ရှိသလို လက်ရေးပန်းချီဆွဲသူများ၊ လက်အလှပန်းချီ ရေးဆွဲသူများ လည်း များပြားလျက်ရှိကြောင်း၊ ဆုတောင်းပြည့် ဘုရားငါးဆူရှိသည့် ရွှေဆံတော်ဘုရားရှိ ဆုတောင်းပြည့်ဘုရား၊ တာမဏီသိမ်ကျောင်းရှိ ဆုတောင်းပြည့်ဘုရား၊ ဓမ္မရာဇကဘုရားရှိ ဆုတောင်းပြည့်ဘုရားနှစ်ဆူ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီရှိ ဆုတောင်းပြည့်ဘုရားတို့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း လေ့လာရေးခရီးသွား ဘုရားဖူးများ များပြားလျက်ရှိကာ ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော် မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် အထင်ကရ ဘုရားများတွင် ဘုရားဖူးများ ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


