ဒေါက်တာဇော်ထွန်းအောင်(ပညာရေး)
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဟူသော အမျိုးသားရေးအမြင်ဖြင့် မိမိတို့၏ မြေ၊ ရေ၊ တောတောင်နှင့် လယ်ယာအရင်းအမြစ်များကို တန်ဖိုးထားကာ ပြည်တွင်းထုတ်လုပ်မှုကို အားပေး မြှင့်တင်ခြင်းသည် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောလမ်းကြောင်း တစ်ရပ် ဖြစ်သည်။
မြန်မာနိုင်ငံသည် မြေဩဇာကောင်းမွန်သည့် မြေပြန့်ဒေသများ၊ မြစ်ချောင်းအင်းအိုင်များ၊ မတူ ကွဲပြားသော ရာသီဥတုနှင့် စိုက်ပျိုးနိုင်သည့်သီးနှံ မျိုးစုံပေါကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ထိုသဘာဝ အရင်းအမြစ်များနှင့်အတူ မျိုးဆက်အဆက်ဆက် လယ်ယာမြေကို ထွန်ယက်စိုက်ပျိုးလာကြသည့် တောင်သူလယ်သမားတို့၏ အတွေ့အကြုံနှင့် လုပ်အားသည်လည်း နိုင်ငံ၏အဖိုးတန်အရင်းအနှီး ဖြစ်သည်။
ကျေးလက်ဒေသ၏ စိမ်းလန်းစိုပြည်သော လယ်ကွင်းများ၊ တောင်စောင်းများပေါ်မှ စီတန်း နေသော သီးနှံခင်းများ၊ မိုးသောက်ချိန်တွင် နှင်းစက်များနှင့်တောက်ပနေသည့် စပါးပင်များ၊ ရင့်မှည့်ချိန်တွင် ရွှေဝါရောင်လှိုင်းများသဖွယ် လှုပ်ရှားနေသော ကောက်လယ်ကွင်းများသည် မြန်မာ့ကျေးလက်၏ သဘာဝအလှကို ဖော်ကျူးနေသည့် ပန်းချီကားများပင်ဖြစ်သည်။ ထိုပန်းချီကားကို လှပစွာဖန်တီး နေသူများမှာ “လယ်သမားမှန်လျှင် လယ်ကောင်းမရွေး” ဟူသော ဆိုရိုးစကားဖြင့် မြန်မာ့မြေကို ချစ်မြတ်နိုးပြီး မိမိတို့၏လုပ်အားဖြင့် လယ်ယာကို အသက်မွေးဝမ်းကျောင်းအဖြစ် ထမ်းဆောင် နေကြသည့် တောင်သူလယ်သမားများ ပင်ဖြစ်ကြသည်။
ကျေးလက်မြန်မာ၏အလှနှင့် စိုက်ပျိုးရေး၏အရေးပါမှု
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများသည် သဘာဝအလှတရားနှင့် လူတို့၏ကြိုးစားအားထုတ်မှု ပေါင်းစပ်ဖန်တီးထားသည့် ပန်းချီကားတစ်ချပ်နှင့်တူပါသည်။ မိုးရာသီတွင် မိုးရေစက်များဖြင့် စိုပြည်လာသော လယ်ကွင်းများသည် စိမ်းလန်းသော ပန်းချီကားကြီးတစ်ချပ်သဖွယ် ဖြစ်လာသည်။ စပါးပင်များ ရင့်မှည့်ချိန်တွင် လေပြည်တိုက်ခတ်သည့်အခါ ရွှေဝါရောင်စပါးခင်းများသည် လှိုင်းလုံးများ သဖွယ်လှုပ်ရှားနေပြီး ကျေးလက်ဒေသ၏ အေးချမ်းလှပမှုကို ပိုမိုထင်ရှားစေသည်။
ဒေသအလိုက်လည်း လယ်ယာရှုခင်းများမှာ မတူညီကြပေ။ မြစ်ဝှမ်းဒေသများတွင် စပါးခင်းများ၊ အပူပိုင်း ဒေသများတွင် ပဲမျိုးစုံ၊ နှမ်းနှင့် အခြားသီးနှံများ၊ ကုန်းမြင့်ဒေသများတွင် လက်ဖက်၊ ကော်ဖီနှင့် ဟင်းသီးဟင်းရွက်ခြံများကို တွေ့မြင်နိုင်သည်။ ထိုမြေ၊ ရေ၊ ရာသီဥတုနှင့် လူတို့၏ လုပ်အားတို့ ပေါင်းစပ်မှုက မြန်မာ့ကျေးလက်ဒေသ၏ သဘာဝအလှကို ဖန်တီးပေးနေခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးနှင့် လူမှုဘဝတွင် ကျေးလက်ဒေသနှင့် လယ်ယာစိုက်ပျိုးရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ လေ့လာချက်များအရ မြန်မာနိုင်ငံ၏ ကျေးလက်နေပြည်သူ ၇၀ ရာခိုင် နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ငါးလုပ်ငန်းများနှင့် ဆက်နွှယ်သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းနေကြသည်။ ထို့ကြောင့် လယ်ယာကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တောင်သူတစ်ဦးချင်း၏ ဘဝတိုးတက်ရေးသာမက ကျေးလက်မိသားစုများ၏ ဝင်ငွေ၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစီးပွားရေး တစ်ရပ်လုံး၏ လည်ပတ်မှုနှင့်ပါ တိုက်ရိုက် ဆက်စပ်နေသည်။
စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ဂျုံနှင့် အခြား သီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်းသည် ပြည်သူများ၏ စားရေရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ပြည်တွင်းကုန်ထုတ်လုပ်မှု၏ အခြေခံ အုတ်မြစ်ကိုလည်း ခိုင်မာစေသည်။ လယ်ယာ ထွက်ကုန်များ များပြားလာသည်နှင့်အမျှ သိုလှောင် ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုပ်ပိုး ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ဈေးကွက် တင်ရောင်းချခြင်း စသည့် ဆက်စပ်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာနိုင်သည်။
လယ်မြေကိုချစ်၊ ယာကိုမပစ်
မြန်မာ့တောင်သူလယ်သမားတို့၏ ဘဝသည် မြေ၊ ရေ၊ ရာသီဥတုနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ မိုးမလင်းမီ လယ်ကွင်းသို့ထွက်၍ ထွန်ယက်စိုက်ပျိုးခြင်း၊ နေရောင်ပြင်းသည့်အချိန်တွင်ပင် သီးနှံများကို ပြုစုစောင့်ရှောက်ခြင်း၊ ရိတ်သိမ်းချိန်တွင် တစ်နှစ်တာ၏ပင်ပန်းမှုများကို မေ့လျော့ကာ သီးနှံများကို စုဆောင်းခြင်းတို့သည် မြန်မာ့ကျေးလက်ဘဝ၏ ရိုးရှင်းသော်လည်း ဂုဏ်ယူဖွယ် ကောင်းသော ပုံရိပ်များဖြစ်သည်။
ထိုသို့သော တောင်သူဘဝကို တန်ဖိုးထားခြင်းသည် ခေတ်နောက်ကျသောအစဉ်အလာကို ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ မိဘ၊ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်တို့ထံမှ အမွေဆက်ခံလာသည့် လယ်ယာအတွေ့အကြုံများကို ခေတ်မီပညာ၊ နည်းပညာနှင့်ပေါင်းစပ်ကာ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့၊ ရိုးရာစိုက်ပျိုးရေးမှ ခေတ်မီ စီးပွားဖြစ် စိုက်ပျိုးရေးသို့ တိုးတက်အောင် ဖော်ဆောင်ခြင်းဖြစ်သည်။ ထိုမြင်ကွင်းများ၏ နောက်ကွယ်တွင် မိသားစုစားဝတ်နေရေးအတွက် သာမက နိုင်ငံ၏စားရေရိက္ခာဖူလုံရေးအတွက်ပါ တာဝန်ယူထားသည့် စိတ်ဓာတ်ရှိနေသည်။ ကျေးလက်လူမှုဘဝ၏ ကြံ့ခိုင်မှုသည် တောင်သူတို့၏ ကြိုးစားမှုနှင့်ဆက်စပ်နေပြီး တောင်သူတို့၏ လယ်ယာလုပ်ငန်းသည် ကျေးလက်စီးပွားရေးကို လှုပ်ရှားစေသည့် အဓိကအင်အားတစ်ရပ်ဖြစ်နေ ဆဲဖြစ်သည်။
ထို့ကြောင့် ယနေ့ခေတ် လူငယ်များအနေဖြင့် မိမိတို့၏ မြေယာနှင့် လယ်ယာအမွေအနှစ်များကို အခွင့်အလမ်း မရှိသော နယ်ပယ်တစ်ခုအဖြစ်မမြင်ဘဲ တန်ဖိုးဖန်တီးနိုင်သည့် စီးပွားရေးကဏ္ဍတစ်ရပ် အဖြစ် မြင်ရန်လိုအပ်သည်။ အခြားနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင်ရှာဖွေခြင်းသည် လူတစ်ဦးချင်း၏ ရွေးချယ်ပိုင်ခွင့်ဖြစ်သော်လည်း မိမိနိုင်ငံတွင်ပင် အခွင့်အလမ်းများဖန်တီးနိုင်သည့် စိတ်ဓာတ်နှင့် စွမ်းရည်ကိုလည်း တစ်ပြိုင်နက်တည်း မွေးမြူသင့်သည်။
“တစ်ပါးနိုင်ငံတွင် တစ်ပါးသူ၏အလုပ်ကို လုပ်မည်လား၊ မိမိတို့၏မြေယာတွင် မိမိတို့၏ အနာဂတ်ကို ဖန်တီးမည်လား” ဆိုသည့်မေးခွန်းကို လူငယ်မျိုးဆက်အနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်လည် စဉ်းစား ကြည့်သင့် ပါသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ရိုးရာအတွေ့အကြုံကို ထိန်းသိမ်းရုံဖြင့် မလုံလောက်တော့ပေ။ စက်ယန္တရားများ၊ အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ၊ မြေဆီလွှာစမ်းသပ်ခြင်း၊ ထိရောက်သော ရေသွင်းရေထုတ်စနစ်များ၊ ရာသီဥတုသတင်းအချက်အလက်များနှင့် ဒီဂျစ်တယ် နည်းပညာများကို အသုံးချရန် လိုအပ်လာသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချပြီး အထွက်နှုန်းနှင့် အရည်အသွေး တိုးမြှင့်နိုင်မှသာ လယ်ယာလုပ်ငန်းသည် ရေရှည်တည်တံ့သော စီးပွားရေး လုပ်ငန်း တစ်ရပ် အဖြစ် ပိုမိုခိုင်မာလာမည်ဖြစ်သည်။
အထူးသဖြင့် လူငယ်များသည် စိုက်ပျိုးရေး ပညာ၊ စက်မှုနည်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဒီဂျစ်တယ် ဈေးကွက်ပညာတို့ကို ပေါင်းစပ်လေ့လာသင့်သည်။ ယနေ့ခေတ် “တောင်သူ” ဆိုသည်မှာ မြေထွန်သူ တစ်ဦးတည်းမဟုတ်တော့ဘဲ ထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်၊ နည်းပညာအသုံးချသူနှင့် ဈေးကွက် ဖန်တီးသူဖြစ်လာနိုင်သည်။
ဤအမြင်ဖြင့် လယ်ယာကဏ္ဍကို ပြုပြင်ပြောင်းလဲခြင်းသည် လူငယ်များအတွက် ပြည်တွင်း၌ အလုပ်အကိုင်နှင့် ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အရေးကြီးသော လမ်းကြောင်းတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။
Farming to SMEs - လယ်ယာမှ စီးပွားရေးလုပ်ငန်းအထိ
လယ်ယာထွက်ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကိုသာ အကျိုးပြုခြင်း မဟုတ်ပေ။ ထိုထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်ပါက Farming to SMEs ဟူသည့် လမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်သည်။
ဥပမာအားဖြင့် စပါးထွက်ကုန်မှ ဆန်၊ ဆန်မှုန့်နှင့် အခြားတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ပြောင်းမှ အစားအစာနှင့် တိရစ္ဆာန်အစာထုတ်လုပ်ခြင်း၊ ပဲနှင့် နှမ်းတို့မှ စားသုံးရန်အသင့်ထုတ်ကုန်များ ပြုလုပ်ခြင်း၊ ဝါမှ အထည်အလိပ်နှင့် အဝတ်အထည်များထုတ်လုပ်ခြင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များမှ အခြောက်ခံ၊ ထုပ်ပိုးနှင့် ပြုပြင်ထုတ်လုပ်ထားသော ထုတ်ကုန်များ ဖန်တီးခြင်းတို့သည် “စိုက်ပျိုး ထုတ်လုပ်မှု >> ပြုပြင်ထုတ်လုပ်မှု >> ထုပ်ပိုးမှု >> သယ်ယူဖြန့်ဖြူးမှု >> ဈေးကွက်တင်ရောင်းချမှု” ဟူသည့် တန်ဖိုးကွင်းဆက်ကို ဖန်တီးပေးနိုင်သည်။
ထိုတန်ဖိုးကွင်းဆက်၏ အဆင့်တိုင်းတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် လယ်ယာထွက်ကုန်သည် SMEs ဖွံ့ဖြိုးတိုးတက်ရေး၏ အရင်းအမြစ်တစ်ရပ်ဖြစ်ပြီး SMEs များသည်လည်း လယ်ယာထွက်ကုန်များအတွက် ဈေးကွက်နှင့် တန်ဖိုးမြှင့်တင်ပေးနိုင်သည့် အင်အားတစ်ရပ် ဖြစ်လာနိုင်သည်။
ဤလမ်းကြောင်းသည် တောင်သူတစ်ဦးကို သီးနှံရောင်းချသူအဖြစ်သာမထားဘဲ ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့် လုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာစေနိုင်သည်။ လူငယ်များ အနေဖြင့်လည်း လယ်ယာထွက်ကုန်အခြေပြု SMEs များ၊ Agri-tech လုပ်ငန်းများ၊ အစားအစာပြုပြင် ထုတ်လုပ်ရေး၊ ထုပ်ပိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒီဂျစ်တယ်ဈေးကွက် လုပ်ငန်းများတွင် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ စတင်နိုင်သည်။
ထို့ကြောင့် ရိုးရာတောင်သူပညာနှင့် ခေတ်မီသိပ္ပံနည်းပညာတို့ကို ပေါင်းစပ်နိုင်ခြင်းသည် ကျေးလက် လူဦးရေ၏ အသက်မွေးဝမ်းကျောင်းကို ခိုင်မာစေရုံသာမက နိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် စားရေရိက္ခာဖူလုံရေးကိုပါ မြှင့်တင်ပေးနိုင်မည့် အရေးကြီးသောလမ်းကြောင်းတစ်ရပ်ဖြစ်သည်။
ကျေးလက်မှ လူငယ်စွမ်းအား၊ လယ်ယာမှ နိုင်ငံ့စီးပွားရေး
လူငယ်များ၏အိပ်မက်များကို ပြည်ပသို့ ထွက်ခွာခြင်းတစ်ခုတည်းနှင့် မချိတ်ဆက်သင့်ပါ။ ပြည်ပတွင် အလုပ်လုပ်၍ ရရှိသည့်အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် ငွေကြေးများသည် မိသားစုများအတွက် အကျိုးရှိနိုင်သကဲ့သို့ ထိုလူငယ်များ၏ အသိပညာနှင့် စွမ်းရည်များကို မိမိနိုင်ငံ၏ထုတ်လုပ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည် အသုံးချနိုင်ပါက ပိုမိုကျယ်ပြန့်သော အကျိုးကျေးဇူး များ ဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ရည်မှန်းချက်မှာ “ပြည်ပမထွက်ရ” ဟူ၍ ကန့်သတ်ရန်မဟုတ်ဘဲ “ပြည်တွင်းမှာလည်း အောင်မြင်နိုင်သည်၊ မိမိမြေမှာလည်း တန်ဖိုးဖန်တီး နိုင်သည်၊ မိမိနိုင်ငံကိုလည်း မိမိတို့၏လက်ဖြင့် တည်ဆောက်နိုင်သည်”ဟူသော စိတ်ဓာတ်ကို မွေးမြူပေးရန်ဖြစ်သည်။
မိမိ၏လယ်မြေကို ချစ်မြတ်နိုးပြီး ခေတ်မီ စိုက်ပျိုးရေးပညာကိုလေ့လာကာ ထုတ်လုပ်မှုတိုးမြှင့်ခြင်း၊ ထုတ်ကုန်တန်ဖိုးမြှင့်တင်ခြင်းနှင့် SMEs များ ဖန်တီးခြင်းတို့သည် ကိုယ်ပိုင်ဘဝ တိုးတက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နိုင်သည့်လမ်းကြောင်း ဖြစ်သည်။ ယင်းသည် “အလုပ်ရှာသူ” မှ “အလုပ်ဖန်တီးသူ” သို့၊ “သီးနှံထုတ်လုပ်သူ” မှ “တန်ဖိုးမြှင့် စီးပွားရေး လုပ်ငန်းရှင်”သို့ ပြောင်းလဲသွားနိုင်သည့် လမ်းစလည်းဖြစ်သည်။
တောင်သူခိုင်မာမှ လယ်ယာခိုင်မာမည်
မြန်မာ့လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထုတ်လုပ်မှုတိုးမြှင့်ရုံသာမက တောင်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ်ရေးကိုလည်း အလေးထားရမည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြို့ပြဒေသများ၏ စီးပွားရေးတိုးတက်မှု တစ်ခုတည်းဖြင့် မပြည့်စုံနိုင်ပေ။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ပြီး တောင်သူများ၏ ဝင်ငွေတိုးတက်လာကာ လယ်ယာထွက်ကုန်များကို အရည်အသွေးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မှသာ မြို့ပြနှင့် ကျေးလက်အကြား စီးပွားရေးချိတ်ဆက်မှု ပိုမိုခိုင်မာလာမည်ဖြစ်သည်။
အရည်အသွေးကောင်းမွန်သော မျိုးစေ့များ၊ သင့်လျော်သော စိုက်ပျိုးရေးနည်းပညာများ၊ ရေသွင်း ရေထုတ် စနစ်ကောင်းများ၊ စျေးကွက်သတင်းအချက်အလက်နှင့် သင့်တင့်မျှတသော စျေးကွက် ချိတ်ဆက်မှုများ ရရှိနိုင်ခြင်းသည် တောင်သူများ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ကျေးလက်လူဦးရေ၏ ကြီးမားသောအစိတ်အပိုင်းသည် လယ်ယာနှင့် ဆက်နွှယ်နေသည့်အတွက် တောင်သူလယ်သမားတို့၏ ဝင်ငွေတိုးတက်ရေးသည် ကျေးလက်ဖွံ့ဖြိုးရေးနှင့် တိုက်ရိုက်ဆက်စပ် နေသည်။ ထို့ကြောင့် တောင်သူများအတွက် နည်းပညာ၊ ဘဏ္ဍာရေး၊ စျေးကွက်နှင့် သတင်းအချက် အလက်ဆိုင်ရာ အထောက်အပံ့များကို ချိတ်ဆက်ပေးနိုင်ပါက လယ်ယာထုတ်လုပ်မှု တိုးတက်လာရုံ သာမက ကျေးလက်မိသားစုများ၏ လူနေမှု အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
တစ်ဖက်တွင်လည်း မြေဆီလွှာနှင့် ရေအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းရန်လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးနည်းစနစ်များ၊ ရေကို ချွေတာအသုံးပြုသည့် နည်းလမ်းများနှင့် မြေဆီလွှာကျန်းမာရေးကို ထိန်းသိမ်းသည့် စိုက်ပျိုးရေးအလေ့အထများ ပိုမို အားကောင်းလာပါက ယနေ့၏ လယ်ယာမြေများကို အနာဂတ်မျိုးဆက်များအတွက်လည်း ဆက်လက် အကျိုးရှိစွာ အသုံးချနိုင်မည်ဖြစ်သည်။
မြန်မာ့မြေ၊ မြန်မာ့လူ၊ မြန်မာ့အနာဂတ်
မြန်မာ့မြေသည် မျိုးဆက်များ၏ အမွေအနှစ် ဖြစ်သည်။ ထိုမြေပေါ်တွင် အဘိုး အဘွားတို့၏လက်ရာ များ၊ မိဘများ၏ချွေးစက်များနှင့် ယနေ့တောင်သူ တို့၏ ကြိုးစားအားထုတ်မှုများ ပေါင်းစပ်တည်ရှိနေ သည်။ စိမ်းလန်းသောလယ်ကွင်းများ၊ ရွှေဝါရောင်စပါးခင်းများနှင့် သီးနှံများပြည့်နှက်နေသော ကျေးလက်မြင်ကွင်းများသည် သဘာဝအလှတရား သာမက မြန်မာ့လူမှုစီးပွားဘဝ၏ အသက်ဝင်သော ပုံရိပ်များလည်းဖြစ်သည်။
ထို့ကြောင့် “လယ်မြေကိုချစ်၊ ယာကိုမပစ်” ဆိုသည့်စိတ်ဓာတ်ကို ခေတ်သစ်ပညာ၊ သိပ္ပံနှင့် နည်းပညာတို့ဖြင့် ပေါင်းစပ်ကြရမည်။ လက်မှု လယ်ယာကို စက်မှုလယ်ယာသို့တိုးတက်စေပြီး လယ်ယာ ထွက်ကုန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲကာ Farming to SMEs လမ်းကြောင်း ကို ဖော်ဆောင်ကြရမည်။ ထိုမှတစ်ဆင့် လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်တို့ကိုချိတ်ဆက် ပြီး ပြည်တွင်းထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့် အလမ်းများကို တိုးမြှင့်ကြရမည်။
ယနေ့ လူငယ်တစ်ဦးသည် မိမိမြေကိုချစ်မြတ်နိုးပြီး ခေတ်မီလယ်ယာပညာကိုလေ့လာကာ မိမိ လယ်ယာကို စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် တည်ဆောက်နိုင်ပါက သူသည် တောင်သူတစ်ဦးသာ မဟုတ်တော့ဘဲ အလုပ်အကိုင်ဖန်တီးသူ၊ ထုတ်လုပ်သူနှင့် နိုင်ငံတည်ဆောက်သူတစ်ဦးဖြစ်လာမည်။ မိမိ၏ မြေကိုစွန့်ပစ်၍ တစ်ပါးသူ၏အလုပ်ကိုသာရှာဖွေရန် မဟုတ်ဘဲ မိမိမြေတွင် မိမိတို့၏ အနာဂတ်ကို ဖန်တီးနိုင်သည့်စိတ်ဓာတ်ကိုလည်း မွေးမြူကြရမည်။
တောင်သူခိုင်မာမှ လယ်ယာခိုင်မာမည်။ လယ်ယာခိုင်မာမှ ကျေးလက်ခိုင်မာမည်။ ကျေးလက် ခိုင်မာမှ ပြည်တွင်းစီးပွားရေးခိုင်မာမည်။ ပြည်တွင်း စီးပွားရေးခိုင်မာမှ နိုင်ငံ၏အနာဂတ် ပိုမိုခိုင်မာမည်။
ထို့ကြောင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသောစိတ်ဓာတ်ဖြင့် မိမိတို့၏မြေ၊ မိမိတို့၏လယ်ယာ၊ မိမိတို့၏ထုတ်လုပ်မှုနှင့် မိမိတို့၏ လူငယ်စွမ်းအားကိုယုံကြည်ကာ ပြည်တွင်း၌ပင် တန်ဖိုးဖန်တီးကြရမည်ဖြစ်သည်။
ယနေ့ ကျွန်ုပ်တို့မြင်တွေ့နေရသည့် စိမ်းစိုသော လယ်ကွင်းများနှင့် ရွှေဝါရောင်စပါးခင်းများသည် မြန်မာ့ကျေးလက်၏ အလှအပသာမက တောင်သူတို့၏ ချွေးစက်များမှ ပေါက်ဖွားလာသော မျှော်လင့် ချက်၊ မိသားစုများ၏အနာဂတ်နှင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရွှေဝါရောင် အိပ်မက်များ ဖြစ်ကြောင်း မမေ့သင့်ပါ။
တောင်သူတို့၏ချွေးစက်များမှ စားရေရိက္ခာများ ပေါက်ဖွားလာပြီး လယ်ယာမြေတို့၏ စိမ်းလန်းမှုမှ နိုင်ငံ့အနာဂတ်၏ မျှော်လင့်ချက်များ ရှင်သန်လာရပါသည်။ ထို့ကြောင့်တောင်သူကို တန်ဖိုး ထားခြင်းသည် လယ်ယာကိုတန်ဖိုးထားခြင်း ဖြစ်သကဲ့သို့ နိုင်ငံ၏အနာဂတ်ကို တန်ဖိုးထားခြင်း လည်းဖြစ်ပါသည်။ မြန်မာ့မြေကို အကျိုးပြုနေကြ သော တောင်သူလယ်သမားများအားလုံး ကျန်းမာ ချမ်းသာ၍ စိတ်အေးချမ်းသာစွာ အသီးအနှံများ ဝေဆာအောင်မြင်ကာ မိသားစုဘဝများ ဖူလုံပြည့်စုံ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


