နေပြည်တော် အောက်တိုဘာ ၂၆
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါ ပြိုင်ပွဲများသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ရှိ နီလာ ခန်းမ၌ ကျင်းပလျက်ရှိသည့် “ရုပ်သေးကြိုးဆွဲ” ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲဝင်များက မင်းသားနှင့် မင်းသမီး ကြိုးဆွဲ ရုပ်သေးရုပ်တို့ဖြင့် ကကြိုးကကွက် စုံလင်စွာ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ရှိ မြခန်းမ၌ ကျင်းပလျက်ရှိသည့် “ကာလပေါ်” တေးသီချင်း အဆိုပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲဝင်များက ဓမ္မစကြာ (ဒေါ်ကြည်အောင်) သီချင်းဖြင့် သီဆို ယှဉ်ပြိုင် နေမှုများကို ဆက်လက်ကြည့်ရှုအားပေးသည်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား များအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ရှိ နီလာခန်းမ၌ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲအဖြစ် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲကိုလည်းကောင်း၊ မြခန်းမ၌ကာလပေါ် တေးသီချင်းအဆိုပြိုင်ပွဲအဖြစ် ဝါသနာရှင် အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတို့ကို ကျင်းပခဲ့ကြပြီး ပြိုင်ပွဲဝင်များက အနုသုခုမရသမြောက်စွာဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


