ရန်ကုန် အောက်တိုဘာ ၂၆
ယနေ့သည် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းတော်ကြီး ကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော် (အောင်ပွဲ)ရေစက်ချ အခမ်းအနား တို့ကို ယနေ့နံနက်ပိုင်းတွင် စေတီ တော်ရင်ပြင်ရှိ သတ်မှတ်နေရာများတွင် ကျင်းပကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား အရုဏ်တက်ချိန်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ဂေါပကအဖွဲ့ ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ် အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ ဓမ္မ ဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ) နှင့် ရေစက်ချအခမ်းအနားကို ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၌ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းလေးသွယ်၌ ဘုရားဖူးလာပြည်သူများဖြင့် ကြိတ်ကြိတ်တိုး အထူးစည်ကားလျက်ရှိပြီး အလှူရှင်များက စတုဒိသာအဖြစ် ရေသန့်၊ အချိုရည်၊ ပေါင်မုန့်များ လှူဒါန်းကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများသည် ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်း ကြသည်။
အလားတူ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်နှင့် သီရိမင်္ဂလာကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့တို့ကကြီးမှူး၍ နံနက်ပိုင်းတွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကိုလည်းကောင်း၊ ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ပွဲကိုလည်းကောင်း ကျင်းပခဲ့သည်။
ထို့ပြင် မဟာဝိဇယစေတီတော်၊ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတု စေတိယစွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၊ သမိုင်းဝင် မဟာဓမ္မရံသီ အိမ်တော်ရာ စေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင်ကျိုက်ဝိုင်း စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ် ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော် နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များကကြီးမှူး၍ စေတီတော်နှင့် ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ခြင်း၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များက အဘိဓမ္မာ အခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇော်မင်းလတ်(MNA)
ဓာတ်ပုံ – ကိုကိုဇော်





