ဗုဒ္ဓအကြောင်း သိကောင်းစရာမှတ်တမ်း  

 

ဆရာကြည်

 

(၂၇-၉-၂၀၂၆ ရက်နေ့မှအဆက်)

 

အရက်မူးမိန်းမများကို ဆုံးမချေချွတ်ခြင်း

အမျိုးကောင်းသား ငါးရာတို့သည် သာဝတ္ထိပြည်၌ ၎င်းတို့၏မယားများကို လိမ္မာယဉ်ကျေးစေရန် ဝိသာခါ၏ အခြံအရံအဖြစ် အပ်နှံကြကုန်သည်။ တစ်နေ့သောအခါ၌ ခုနစ်ရက်လုံးလုံး သေရည် သောက်ပွဲကျင်းပကြသည်။ ၎င်းမိန်းမများသည် သူတို့၏ ခင်ပွန်းများအတွက် သေရည်အရက်ကို စီစဉ်ပေးကြသည်။ သူတို့ခင်ပွန်းများ သောက်၍ ကျန်သောအရက်များကို သောက်ကြပါသည်။

 

ထို့နောက် ဝိသာခါအား ဥယျာဉ်သို့ခေါ်၍ မဖွယ်မရာများပြုလုပ်ကြသည်။ ထိုအကြောင်းကို ခင်ပွန်းယောက်ျားများ သိသောအခါ ထောင်းထု ရိုက်နှက်ကြသည်။

 

ထို့နောက် နောက်တစ်ကြိမ် သေရည်သောက်ပွဲ ကျင်းပသောအခါ ယခင်နည်းတူ ခင်ပွန်းယောက်ျား များ ကျန်သောအရက်ကို သောက်လိုကြသဖြင့် ဝိသာခါကိုလှည့်စားပြီး တရားနာသွားလိုကြောင်း ပြောသည်။ သေရည်အရက်များကို သူတို့ကိုယ်ရုံထဲတွင်ထည့်ဝှက်၍ ဝိသာခါနှင့်အတူ ဘုရားကျောင်း တော်သို့ တရားနာသွားကြလေသည်။

 

၎င်းမိန်းမများသည် ကျောင်းတော်သို့ရောက်လျှင် သေရည်အရက်ကို သောက်ကြပြီး ဘူးခွံများကို လွှင့်ပစ်ကြလေသည်။ ၎င်းတို့သည် ဘုရားရှင်ရှေ့မှောက်သို့ရောက်သောအခါ ဝိသာခါကဘုရား ရှင်အား “ဤမိန်းမတို့သည် ဘုရားရှင်၏တရားကို နာလို၍ တရားဟောပေးရန် လျှောက်ထားလေသည်။ ထိုမိန်းမတို့သည် အရက်အရှိန်ကြောင့် ကိုယ်များတုန်လှုပ်ပြီး ကခုန်သီဆိုချင်စိတ်များ ပေါက်လာ၍ ကခုန် မြူးထူးပျော်ပါးကြကုန်၏။ ဤအခွင့်ကောင်းကိုယူ၍ မာရ်နတ်သည် ဝင်ပူးပြီး တချို့က လက်ခုပ်တီး ပျော်ကြသည်။ တချို့က ကခုန်ရန် အားထုတ်ကြလေသည်။

 

ဘုရားရှင်သည် ဆင်ခြင်တော်မူသောအခါ မာရ်နတ်နှောင့်ယှက်ဝင်ပူးသည်ကို သိတော်မူသည်။ မာရ်နတ်အား ဝင်မပူးစေလိုသောကြောင့် ဘုရားရှင်သည် ထိုမိန်းမများ ထိတ်လန့်စေရန် ညိုသော ရောင်ခြည်တော်ကို လွှတ်တော်မူသည်။ ယင်းသို့ဖြင့် ခဏချင်းပင်မှောင်အတိဖြစ်လေသည်။ သေဘေးမှ ကြောက်လန့်သဖြင့် ၎င်းမိန်းမများ သောက်ထားသည့် အရက်ပင်ပြယ်သွားလေသည်။ ဘုရားရှင်သည် ပလ္လင်မှကွယ်ပျောက်၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက် ဖြူသောရောင်ခြည်တော်တို့ကို လွှတ်ပြန်လေသည်။ လမင်းတစ်ထောင် လာဘိသကဲ့သို ဖြစ်လေ၏။

 

ဘုရားရှင်သည် ဤမိန်းမများအားခေါ်၍ “သင်တို့သည် မေ့လျော့နေခြင်းကြောင့် ငါဘုရားထံသို့ မလာသင့်။ သင်တို့ ဤမေ့မေ့လျော့လျော့ဖြစ်ခြင်းကြောင့် မာရ်နတ်သည် အခွင့်ကောင်းကိုယူ၍ သင်တို့အား ရယ်ခြင်းကိုပြုစေဘိသည်။ ယခု သင်တို့သည် ရာဂမီးငြိမ်းစေရန် အားထုတ်သင့်၏”ဟု မိန့်တော်မူလေသည်။ ဆက်လက်၍ “အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေကြသောသူတို့ သည် အဘယ်ကြောင့် ပျော်မြူးရွှင်ပျော်နေခြင်းဖြစ် ဘိသနည်း။ အဘယ်ကြောင့် နှစ်လိုဝမ်းသာဘိ သနည်း။ အဝိဇ္ဇာအမိုက်မှောင်ဖြင့် ပိတ်ဆီးထားသူများဖြစ်ပါလျက် အဘယ်ကြောင့် ပညာဆီမီးကို မရှာကြကုန် သနည်း”ဟု ဂါထာဖြင့်ဟောတော်မူသည်။

 

ဤတရားတော်များကို ထိုမိန်းမတို့ ကြားနာရခြင်းကြောင့် သောတာပန်များဖြစ်လေသည်။ ဘုရားရှင်သည် မြင်းမိုရ်တောင်ထိပ်မှ သက်ဆင်း၍ ကြွတော်မူလာပြီး သူ့နေရာတွင် ထိုင်တော်မူလျက် ဝိသာခါနှင့် ထိုမိန်းမတို့အား သေရည်ပထမဆုံး ဖြစ်ပေါ်လာပုံနှင့်တကွ သေရည်သည် လူတို့အား အကျိုးမဲ့ပျက်စီးစေကြောင်းပါရှိသော “ကုမ္ဘဇာတ်” ကိုလည်း ဟောကြားလေသည်။

 

အနာထပိဏ်သူဌေးကြီး၏သား“ကာလ” မည်သော သတို့သားအကြောင်း

အနာထပိဏ်သူဌေးကြီး၌ သားတစ်ဦးရှိသည်။ ၎င်းအမည်မှာ “ကာလ’ ဖြစ်သည်။ ၎င်းသတို့သားသည် အိမ်သို့ကြွတော်မူသော ဘုရားရှင်အား ဖူးမြင်ရန်၊ တရားတော်ကိုနာရန်၊ သံဃာတော်များအား လုပ်ကျွေးရန် အလုပ်တို့တွင် လုပ်ကိုင်လိုသော ဆန္ဒအနည်းငယ်မျှ မရှိပေ။ ဤသို့နေသည်ကို မကြိုက်ပါ။ သားကို အကြိမ်ကြိမ်ဆုံးမသော်လည်း မရပါ။

 

ထိုအခါ သားသမီးကို ချစ်သည်ဖြစ်၍ အပါယ်ငရဲသို့ ကျရောက်မည်ကို စိုးရိမ်ကြောင့်ကြနေသည်။ ထို့ကြောင့် သားအားလိမ္မာလာစေရန်နှင့် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတို့အပေါ် လုပ်ကျွေး ပြုစုရန်အတွက် ဥစ္စာဖြင့် သားကိုစည်းရုံးအံ့ကြံ၍ သားကိုခေါ်ပြီး သူဌေးကြီးက “ချစ်သား ဥပုသ်စောင့်၍ ကျောင်းသို့သွားရန်၊ တရားနာပြီးမှ အိမ်သို့ပြန်လာရန် ဤသို့ပြုလျှင် ငွေတစ်ရာပေးအံ့”ဟု ဆိုလေသည်။ “ကာလ” သတို့သားသည် ဖခင်၏ဆုံးမစကားကို နားထောင်ချင်၍ လုပ်သည်မဟုတ်။ ငွေလိုချင်၍ ဥပုသ်ဆောက်တည်ရန် ကျောင်းသို့သွားသည်။ သို့သော် တရားကိုကားမနာဘဲ တစ်နေရာ၌ အိပ်၍ အိမ်သို့ပြန်လာလေသည်။

 

သူဌေးကြီးသည် “ဥပုသ်ဆောက်တည်သည့် ငါ့သားအတွက် ယာဂုစသည်တို့ကို ယူခဲ့လော့”ဟု ခိုင်းစေ၍ ပေးသည်။ သားသည် ယာဂုကိုမသုံးဆောင်ဘဲ ငွေတစ်ရာကိုသာ အတင်းတောင်းနေသည်။ သူဌေးကြီးက ငွေတစ်ရာပေးသည့်အခါမှ ယာဂုကို စားသောက်လေသည်။

 

နောက်တစ်နေ့နံနက်၌ သူဌေးကြီးသည် သားအား “ချစ်သား ဘုရားရှင်ရှေ့၌ နေထိုင်လျက် တရားတစ်ပိုဒ်ကို သင်ကြားမှတ်ယူလာပြီး ပြန်လာလျှင် သင့်အား ငွေတစ်ထောင်ပေးမည်”ဟု ဆိုလေ သည်။ ကာလသတို့သားသည် ငွေကိုသာလိုချင်၍ ကျောင်းသို့သွားပြီး ဘုရားရှင်ရှေ့၌ တည်တည်နေ လျက် တရားတစ်ပိုဒ်ကို မြန်မြန်သင်ယူပြီး ပြန်လာ ချင်နေသည်။ ဘုရားရှင်ကလည်း တရားတစ်ပိုဒ်ကို ကာလသတို့သားအား မမှတ်မိအောင်ပြုဆောင်ထားလေသည်။ ကာလသတို့သားသည် ထိုတရား တစ်ပိုဒ်ကိုပင် ထပ်ကာထပ်ကာမှတ်သားနာယူနေစဉ်မှာပင် သောတာပန်ဖြစ်သွားလေသည်။

 

နောက်တစ်နေ့နံနက်၌ ကာလသတို့သားသည် ဘုရားအမှူးရှိသော သံဃာတော်တို့နှင့်တကွ မြို့သို့ ဝင်လာခဲ့ပါသည်။ အိမ်ရောက်သော် သူသည် ဖခင်က သူ့အား ဘုရားရှင်ရှေ့တွင် ငွေကိုမပေးလျှင် ကောင်းလေစွဟု စဉ်းစားသည်။ ငွေအတွက်ကြောင့် ငါဥပုသ်ဆောက်တည်သည်ကို မသိအောင် ဖခင်က ဖုံးကွယ်ထားလျှင် ကောင်းလေစွဟု ကြံလေပြန် သည်။ သူဌေးကြီးသည် ဘုရားအမှူးရှိသော သံဃာတော်များအား ယာဂုဆွမ်းတို့ကို ကပ်လှူပြီး သားအားလည်း ပေးလေသည်။ ကာလသတို့သားသည် ယာဂု ကိုသောက်၍ ဆိတ်ဆိတ်နေလေသည်။

 

သူဌေးကြီးသည် ဘုရားရှင်ဆွမ်းဘုဉ်းပေး ပြီးသောအခါ သားရှေ့၌ ငွေတစ်ထောင်ထုပ်ကို ချထားပြီး “သား ဥပုသ်ဆောက်တည်၍ ကျောင်းသို့သွားပြီး တရားနာသောကြောင့် ဤငွေတစ်ထောင် ထုပ်ကိုယူလော့”ဟု ဆိုလေသည်။

 

ထိုအခါ ကာလသတို့သားသည် “ဤငွေအား အလိုမရှိပါ”ဟု ဆိုလေသည်။ သူဌေးကြီးသည် သားအား ဆက်၍ ယူသာယူပါဟု ပေးလေသည်။ ကာလသတို့သားသည် မယူဘဲနေလေသည်။

 

ထိုအချိန်တွင် သူဌေးကြီးက ဘုရားရှင်အား “မြတ်စွာဘုရား တပည့်တော်၏သားသည် ရှေ့ကနှင့်မတူ ထူးခြားနေသည်။ ၎င်း၏အမူအရာကို တပည့်တော် နှစ်သက်လှပါဘိ”ဟု လျှောက်ထားသည်။ ထို့အပြင် သူ့သားအား ငွေတစ်ထောင်ပေး၍ ဥပုသ်စောင့် တရားနာခိုင်းကြောင်း အလုံးစုံကို လျှောက်ထား လေသည်။

 

ဘုရားရှင်က သူဌေးကြီးအား “သင်၏သားသည် သူ့သန္တာန်၌ ယနေ့တွင် စကြဝတေးမင်း စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ်တို့ထက် သာလွန်သော သောတာပတ္တိဖိုလ်ဟူသော ဥစ္စာမြတ်ကို ရရှိတည်ရှိ လေပြီ” ဟူ၍ မိန့်တော်မူသည်။ ဆက်၍ ဘုရားရှင်က “ဧကရာဇ် စကြဝတေးမင်းဖြစ်ရခြင်း၊ နတ်ပြည်၊ ဗြဟ္မာပြည်သို့ရောက်ခြင်း၊ တစ်လောကလုံးကို အစိုးရခြင်း စသည်တို့ထက် သာလွန် မြင့်မြတ်သော သောတာပတ္တိဖိုလ်ရခြင်းကြောင့် အပါယ်တံခါးပိတ်သည်ဖြစ်သဖြင့် ကောင်းမြတ် လှပါပေ၏”ဟူ၍ ဂါထာဖြင့် ဟောကြားလေသည်။

 

ဇရပ်ဆောက်လုပ်လှူဒါန်းသော ပုဏ္ဏားတစ်ဦးအကြောင်း

သာဝတ္ထိပြည်၌ ပုဏ္ဏားတစ်ဦးသည် နံနက်စောစော၌ အိမ်မှထွက်၍ ရဟန်းများသင်္ကန်းရုံရာ အရပ်သို့ သွားရောက်ကြည့်ရှုလေ့ရှိသည်။ ရဟန်းတစ်ပါး သင်္ကန်းရုံနေရာတွင် နှင်းများစိုရွဲနေသော မြက်ပင်များ နှင့် သင်္ကန်းထိ၍ စိုသည်ကိုတွေ့ရသည်။ ထိုအခါ ပုဏ္ဏားသည် မြက်ပင်များကိုပေါက်တူးဖြင့် ရှင်းလင်းလေသည်။ နောက်တစ်နေ့၌လည်း ဤနေရာသို့သွား၍ ကြည့်ရှုသည်ရှိသော် သင်္ကန်းရုံ နေသော ရဟန်းတစ်ပါး၏ သင်္ကန်းအစွန်သည် မြေမှုန့်များဖြင့် ပေကျံသွားသည်ကို မြင်ရသည်။ ပုဏ္ဏားသည် ထိုနေရာကို သဲများဖြန့်ကြဲလေသည်။

 

နောက်တစ်နေ့၌လည်း နေပူကျဲကျဲတွင် ရဟန်းတစ်ပါးသည် ချွေးဒီးဒီးကျသည်ကို မြင်ရ၍ ကျယ်ပြန့်သော မဏ္ဍပ်ကို ဆောက်လုပ်ပေးပြန်သည်။ နောက်နေ့၌ တစ်ဖန်လာကြည့်ပြန်သော် မိုးများ ရွာ၍ ရဟန်းတို့၏ သင်္ကန်းများ မိုးစိုနေကြသည်ကို မြင်ရပြန်သည်။ ၎င်းသည် ထိုအရပ်တွင် ရဟန်းများ နေထိုင်သင်္ကန်းဝတ်ရန် ဇရပ်ကြီးတစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းလေသည်။

 

ဇရပ်ဆောက်လုပ်ပြီးသည့်အခါ ဘုရားနှင့်တကွသော ရဟန်းများကိုပင့်ဖိတ်၍ ဆွမ်းများ ဆက်ကပ် လှူဒါန်းလေသည်။ ဆွမ်းကပ်လှူဒါန်း၍ ဆွမ်းဘုဉ်းပေးပြီးသောအခါ ပုဏ္ဏားသည် “မြတ်စွာ ဘုရား တပည့်တော်သည် ရဟန်းများသင်္ကန်းရုံရန်အတွက် ဤအရပ်၌ ဤသို့အလုပ်များပြုလုပ်၍ ဤအမှုကို ပြုခဲ့ပါ၏”ဟု အစမှအဆုံးအထိ အလုံးစုံ ကို လျှောက်ထားလေသည်။

 

ထိုအခါ ဘုရားရှင်သည် ပုဏ္ဏားအား “ပညာရှိ သောသူတို့မည်သည် ကုသိုလ်ကောင်းမှုကို ခဏ ခဏပြုလေ့ရှိသည်။ ဤသို့ဖြင့် မိမိအပေါ်ဖြစ်လာမည့် အကုသိုလ်တို့ကို ပယ်ထုတ်ပစ်တတ်ကြကုန် ၏”ဟူ၍ မိန့်တော်မူသည်။

 

ဘုရားရှင်သည် ဆက်လက်၍ “ပန်းထိမ်သည် သည် ရွှေတွင်ကပ်လျက်ရှိသော အညစ်အကြေးများကို တဖြည်းဖြည်း ထုတ်ပြန်သုတ်သင်ပြုလုပ်သကဲ့သို့ ပညာရှိတို့သည် မိမိတို့ငြိတွယ်ကပ်နေသည့် အကုသိုလ်တို့ကို အခွင့်အခါရတိုင်း တဖြည်းဖြည်းပစ်ပယ်ထုတ်တတ်ကြသည်”ဟူ၍ ဂါထာဖြင့် ဟောတော်မူလေသည်။

 

ဤသို့ဖြင့် ဘုရားရှင်ဟောကြားသည့်တရားကို နာကြားရသောပုဏ္ဏားသည် သောတာပန် ဖြစ်သွားလေသည်။ (ဆက်လက်ဖော်ပြပါမည်)