ဉာဏ်သစ်(မန်းတက္ကသိုလ်)
“ကြီးကြီးရေ... သူတို့က သမီးကိုမပြောဘဲ သမီးခဲတံကိုယူရေးတယ်။ ပြီးတော့ ခဲတံကျိုး သွားတာတောင် ဘာမှမပြောဘဲ ပြန်ထည့်ထားတယ်။ ခဲဖျက်ကိုလည်း ယူဖျက်တယ်။ သမီးမကြိုက်ဘူး...”
တူမလေး၏ မကျေမနပ်အသံလေးက အခန်းထဲတွင် ပဲ့တင်ထပ်လာသည်။ အသက်ငယ်ငယ်လေးနှင့် ပြောလိုက်သည့်စကားများက ရိုးရှင်းလွန်းလှသည်။ သို့သော်ထိုစကားလေးများအတွင်းမှာ လူကြီးများ အနေဖြင့် တစ်ချိန်က မိမိတို့ကလေးဘဝတွင် သင်ယူခဲ့ရသည့် ကျင့်ဝတ်သင်ခန်းစာတစ်ခု ပါဝင်နေသည်။
“သမီးကိုပြောရင် ပေးမှာပေါ့။ သမီးဆီကမေးပြီး ယူသုံးရင် သမီးလည်း ဘာမှ မပြောဘူး။”
သူပြောတာ မှန်သည်။
ခဲတံတစ်ချောင်းက တန်ဖိုးကြီးလှသည့် ပစ္စည်းမဟုတ်ပါ။ ခဲဖျက်တစ်ခုလည်း ထိုနည်းတူပင်။ သို့သော် တစ်စုံတစ်ဦး၏ပစ္စည်းကို ခွင့်မတောင်းဘဲ ယူသုံးခြင်း၊ ပျက်စီးသွားသော်လည်း တာဝန်မယူခြင်းသည် ခဲတံတစ်ချောင်း၏ တန်ဖိုးထက်ပိုမိုကြီးမားသည့် အကြောင်းအရာတစ်ခုကို ပြောပြနေသည်။ ထိုအရာမှာ သူတစ်ပါး၏ အခွင့်အရေး နှင့် ပိုင်ဆိုင်မှုကို လေးစားတတ်ခြင်းဖြစ်သည်။
ထိုနေ့တွင် ကြီးကြီးက ခဲတံနှစ်ချောင်းထပ်ထည့်ပေးလိုက်သည်။ ထမင်းဘူးထဲတွင်လည်း ဟင်း အနည်းငယ် ပိုထည့်ပေးလိုက်သည်။ “သူငယ်ချင်းကိုလည်း မျှဝေစားနော်။ သူတို့လိုချင်ရင် ခွင့်တောင်းပြီး ယူသုံးခိုင်း။ သုံးပြီးရင် ပြန်ပေးတတ်တဲ့ အကျင့်လုပ်ကြ” ဟု မှာလိုက်သည်။
ခဲတံတစ်ချောင်းကို ငှားပေးခြင်း၊ ထမင်းတစ်လုတ်ကို မျှဝေပေးခြင်း—ကြည့်လျှင် အလွန်သေးငယ်သည့် လုပ်ရပ်များသာဖြစ်သည်။ သို့သော် ထိုအသေးအဖွဲများထဲတွင် လေးစားမှု၊ ရက်ရောမှု၊ ကိုယ်ချင်း စာတရားနှင့် တာဝန်ယူမှုတို့၏ အခြေခံစံတန်ဖိုးများ ပါဝင်နေသည်။
ယနေ့ ကျွန်ုပ်တို့ လူငယ်များကို ကြည့်မည်ဆိုလျှင် မေးစရာတစ်ခုရှိလာသည်။ နည်းပညာကို ကျွမ်းကျင်လာကြသလို လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် လိုအပ်သည့်ကျင့်ဝတ်များကိုလည်း ကျွမ်းကျင်လာကြပြီလား။ အင်တာနက်ပေါ်တွင် ကမ္ဘာတစ်ဝန်းနှင့် ချိတ်ဆက်နိုင်သည့် လူငယ်များသည် မိမိဘေးနားက လူတစ်ဦး၏ အခွင့်အရေးကိုလည်း လေးစားတတ်ကြပါသလား။
အမှန်တော့ လူတစ်ယောက်၏ ကျင့်ဝတ်သည် ကြီးမားသည့်အရာ တစ်ခုမှစတင်သည်မဟုတ်ပါ။ ခဲတံတစ်ချောင်းကို ခွင့်တောင်းပြီးယူသုံးခြင်းကဲ့သို့သော သေးငယ်သည့်အလေ့အကျင့်ကောင်းလေး များမှ စတင်သည်။
ထိုသို့ဆိုလျှင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကောင်းမြတ်သော လူမှုတန်ဖိုးများထဲမှ ယနေ့ လူငယ်များအတွက် မဖြစ်မနေထိန်းသိမ်းသင့်သည့် စံတန်ဖိုးများမှာ အဘယ်နည်း။ ထိုတန်ဖိုးများကို ခေတ်သစ် လူနေမှုဘဝနှင့် မည်သို့ပေါင်းစပ်နိုင်မည်နည်း။ အရေးအကြီးဆုံးမှာ—ထိုကျင့်ဝတ်များက မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာကြောင့် အရေးကြီးသနည်း။
ခွင့်တောင်းတတ်ခြင်းက လူတစ်ယောက်၏ တန်ဖိုးကို ပြသည်
သူငယ်ချင်း၏ ခဲတံကိုလိုချင်ပါက “ခဏယူသုံးလို့ရမလား” ဟု မေးနိုင်သည်။ စာအုပ်တစ်အုပ်ကို ကြည့်ချင်ပါက “ခဏကြည့်လို့ရ မလား” ဟု ခွင့်တောင်းနိုင်သည်။ သူတစ်ပါး၏နေရာကို အသုံးပြု လိုပါကလည်း မေးမြန်းနိုင်သည်။ ထိုစကားလေးများသည် ရိုးရှင်းသော်လည်း သူတစ်ပါး၏ အခွင့်အရေးကို အသိအမှတ်ပြုခြင်းဖြစ်သည်။
ခွင့်တောင်းတတ်ခြင်းသည် မိမိကိုယ်ကို နှိမ့်ချခြင်းမဟုတ်ပါ။ မိမိလိုချင်သည့်အရာကို အတင်းအကျပ် ယူမည့်အစား အခြားသူ၏ သဘောထားကို ထည့်သွင်းစဉ်းစားတတ်ခြင်းဖြစ်သည်။ ထိုအလေ့ အကျင့်သည် နောင်တွင်အလုပ်ခွင်၌လည်းကောင်း၊ လူမှုဆက်ဆံရေး၌ လည်းကောင်း၊ အများပြည်သူ နှင့် ဆက်ဆံရာ၌လည်းကောင်း အသုံး ဝင်လာမည်ဖြစ်သည်။
လူငယ်တစ်ဦး၏ ယဉ်ကျေးမှုသည် သူဝတ်ဆင်ထားသည့် အဝတ်အစား၊ အသုံးပြုနေသည့် ဖုန်း သို့မဟုတ် ပညာအရည်အချင်းဖြင့်သာ မဆုံးဖြတ်နိုင်ပါ။ သူတစ်ပါးကို မည်မျှလေးစားသနည်း ဆိုသည့်အချက် ကလည်း ထိုလူငယ်၏တန်ဖိုးကို ဖော်ပြနေသည်။
“ငါ့ဟာ” ထက် “ငါတို့ဟာ” ဆိုသည့်စိတ်
လူတိုင်း၏ မိသားစုအခြေအနေ၊ စီးပွားရေးအခြေအနေနှင့် အခွင့်အရေးများသည် တူညီကြမည် မဟုတ်ပါ။ အတန်းထဲတွင် စာရေးကိရိယာ အပြည့်အစုံရှိသည့် ကလေးလည်းရှိမည်။ ခဲတံတစ်ချောင်း၊ ခဲဖျက် တစ်ခုကိုပင် အခက်အခဲဖြင့် ရရှိသည့်ကလေးလည်း ရှိနိုင်သည်။
ထိုသို့သော အခြေအနေတွင် “ဘာကြောင့် မယူလာတာလဲ” ဟု အပြစ်တင်ခြင်းထက် “ ငါ့မှာ ရှိတာထဲက ဘာမျှဝေပေးနိုင်မလဲ” ဟု စဉ်းစားတတ်ခြင်းက ပိုမိုလှပသော လူငယ်စိတ်ဓာတ်ဖြစ်သည်။ ထမင်း ဘူးထဲမှ ဟင်းအနည်းငယ်မျှဝေခြင်း၊ မိမိတွင်ရှိသည့် ခဲတံတစ်ချောင်း ကို ခဏငှားပေးခြင်း၊ စာမရသေးသည့် သူငယ်ချင်းကို ပြန်ရှင်းပြပေး ခြင်းတို့သည် ကြီးမားသောအရာများ မဟုတ်ပါ။
သို့သော် ထိုအသေးအဖွဲလုပ်ရပ်များက ကိုယ်ချင်းစာတရား၊ ရက်ရောမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တဖြည်းဖြည်းတည်ဆောက် ပေးသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တွင်လည်း “ငါ” တစ်ဦးတည်း အတွက်မဟုတ်ဘဲ “ငါတို့” အားလုံးအတွက် စဉ်းစားတတ်သော လူငယ် များ ပိုမိုလိုအပ်သည်။
အပင်တစ်ပင်ကို မချိုးခြင်းကလည်း လူကောင်းဖြစ်ခြင်းပင်
လမ်းသွားရင်း အပင်၏ အညွန့်ကို ချိုးလိုက်သည်။ ပန်းတစ်ပွင့်ကို ခူးလိုက်သည်။ အပင်ငယ်တစ်ပင်ကို တုတ်ဖြင့် ရိုက်လိုက်သည်။ “ဒါလေးပဲ၊ ဘာဖြစ်မှာလဲ” ဟု တွေးမိနိုင်သည်။
သို့သော် ကျင့်ဝတ်ဆိုသည်မှာ အခြားသူများကြည့်နေသည့်အချိန်တွင်သာ ကောင်းမွန်စွာပြုမူခြင်း မဟုတ်ပါ။ ဘယ်သူမှမမြင်သည့်အချိန်တွင်ပင် မှန်ကန်သောအရာကို ရွေးချယ်တတ်ခြင်းဖြစ်သည်။
အပင်တစ်ပင်ကို မချိုးခြင်းသည် သဘာဝကို တန်ဖိုးထားခြင်းဖြစ်သည်။ အများပိုင်နေရာကို မညစ်ပတ် စေခြင်းသည် အခြားသူများကို လေးစားခြင်းဖြစ်သည်။ အမှိုက်ကို အမှိုက်ပုံးထဲထည့်ခြင်းသည် မိမိ၏ တာဝန်ကို သိခြင်းဖြစ်သည်။
ယနေ့ခေတ် လူငယ်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကမ္ဘာ့အရေးကြီးကိစ္စတစ်ခု အဖြစ် လေ့လာနေကြသည်။ ထိုအကြောင်းအရာများ၏ အခြေခံမှာ အလွန်ရိုးရှင်းပါသည်။ “မိမိ ကြောင့် အခြားအရာတစ်ခုမထိခိုက်စေရ” ဆိုသည့် စိတ်ဓာတ်ပင်ဖြစ်သည်။
စကားပြောတတ်သလို နားထောင်တတ်ဖို့လည်းလိုသည်
လူငယ်များသည် မေးခွန်းမေးတတ်ရမည်။ မိမိ၏အမြင်ကိုလည်း ရဲရဲပြောတတ်ရမည်။ သို့သော် မိမိပြောချင်သည့်အချိန်တိုင်း ပြောခြင်း သည် လွတ်လပ်စွာပြောဆိုခြင်းနှင့်မတူပါ။
ဆရာတစ်ဦးက ကျောင်းသားတစ်ဦးကို ရှင်းပြနေချိန်တွင် အခြားကျောင်းသားက ကြားဝင် မေးမြန်းခြင်း၊ လူကြီးများ စကားပြောနေချိန်တွင် မစောင့်ဘဲဝင်ပြောခြင်း၊ တစ်စုံတစ်ဦး အလုပ်လုပ် နေချိန်တွင် မလိုအပ်ဘဲ အနှောင့်အယှက်ပေးခြင်းတို့သည် အချိန်အခါကို မသိခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် လူငယ်များအနေဖြင့် ဘယ်အချိန်မှာ ပြောရမလဲ၊ ဘယ်အချိန်မှာ နားထောင်ရမလဲ၊ ဘယ်အချိန်မှာ ခွင့်တောင်းရမလဲ ဆိုသည်ကိုလည်း သိရှိရန်လိုသည်။ လူတစ်ဦးသည် စကားပြော ကောင်းသူဖြစ်ရုံဖြင့် ဆက်ဆံရေးကောင်းသူ ဖြစ်မလာနိုင်ပါ။ နားထောင်တတ်သူ၊ အခြားသူ၏ အမြင်ကို လေးစားတတ်သူနှင့်မတူညီသော အမြင်များကို သည်းခံတတ်သူဖြစ်လာရန်လည်း လိုအပ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကောင်းမြတ်သော လူမှုတန်ဖိုးများကို ခေတ်သစ်ဘဝထဲသို့ ယူဆောင်ကြပါစို့
“လူကြီးသူမကို ရိုသေပါ”၊ “ခွင့်တောင်းပါ”၊ “ကျေးဇူးတင်ပါ”၊ “မှားလျှင် တောင်းပန်ပါ”၊ “သူတစ်ပါး ပစ္စည်းကို မယူပါနှင့်”၊ “အများပိုင် အရာကို မဖျက်ဆီးပါနှင့်” စသည့် ဆုံးမစကားများသည် ရှေးခေတ်တွင် သာ အသုံးဝင်ခဲ့သည့် စကားများမဟုတ်ပါ။
ယနေ့ ဆိုရှယ်မီဒီယာတွင်လည်း ထိုကျင့်ဝတ်များ လိုအပ်သည်။ သူတစ်ပါး၏ ဓာတ်ပုံကို ခွင့်မတောင်းဘဲ အသုံးမပြုခြင်း၊ အခြားသူ၏ အကြောင်းအရာကို မိမိရေးသကဲ့သို့ မဖော်ပြခြင်း၊ မမှန်ကန်သော သတင်းကို မမျှဝေမီစစ်ဆေးခြင်း၊ အွန်လိုင်းတွင် အခြားသူကို မထိခိုက် အောင် ပြောဆိုခြင်းတို့သည်လည်း ယနေ့ခေတ်၏ “ခွင့်တောင်းခြင်း၊ ရိုသေခြင်းနှင့် တာဝန်ယူခြင်း” များပင် ဖြစ်သည်။
ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကောင်းမြတ်သောလူမှု တန်ဖိုးများကို ခေတ်နှင့် မကိုက်ညီတော့သည့် အရာဟု မမြင်သင့်ပါ။ တန်ဖိုးကို ထိန်းသိမ်းပြီး အသုံးချသည့် ပုံစံကို ခေတ်နှင့်အညီ ပြောင်းလဲ ရန်သာလိုသည်။
မိသားစုကစပြီး ကျောင်းက ဆက်ပေးရမည့် သင်ခန်းစာ
ကလေးတစ်ဦး၏ အကျင့်စာရိတ္တကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရပါ။ မိသားစု၏ နေ့စဉ်အပြုအမူများက အခြေခံပေး ပြီး ကျောင်းက ဆက်လက်ပျိုးထောင်ပေးရသည်။
မိဘက “ခွင့်တောင်းပါ” ဟု ပြောပြီး ကိုယ်တိုင်သူတစ်ပါး၏ အခွင့်အရေးကို မလေးစားပါက ကလေးအတွက် သင်ခန်းစာမပြည့်စုံ နိုင်ပါ။ ဆရာက “သူငယ်ချင်းကို လေးစားပါ” ဟု ပြောပြီး စာသင်ခန်း ထဲတွင် ကျောင်းသား၏အမြင်ကို မနားထောင်ပါ ကလည်း ထိရောက်မှု နည်းနိုင်သည်။ ထို့ကြောင့် ကျင့်ဝတ်ပညာသည် စကားဖြင့်သင်ကြားရုံ မဟုတ်ဘဲ လက်တွေ့အပြုအမူဖြင့် ပြသရသော ပညာရေးဖြစ်သည်။
မိသားစုနှင့် ကျောင်းက တစ်သံတည်းဖြင့် ကလေးများကို လမ်းညွှန် ပေးနိုင်ပါက ကလေးများသည် ခွင့်တောင်းတတ်ခြင်း၊ မျှဝေတတ်ခြင်း၊ တာဝန်ယူတတ်ခြင်း၊ အခြားသူကို လေးစားတတ်ခြင်းတို့ကို သဘာဝ အလေ့အကျင့်တစ်ခုအဖြစ် တဖြည်းဖြည်း ရရှိလာမည်ဖြစ်သည်။
လူငယ်တို့အတွက် စကား
လူငယ်တစ်ဦး၏ အောင်မြင်မှုကို စာမေးပွဲအမှတ်၊ ဘွဲ့ဒီဂရီ သို့မဟုတ် ရာထူးတစ်ခုတည်းဖြင့် မတိုင်းတာနိုင်ပါ။ မည်သူမျှမကြည့်သည့်အချိန်တွင် မှန်ကန်သောအရာကို ရွေးချယ်နိုင်သလား၊ မိမိမပိုင်သည့်အရာကို လေးစားနိုင်သလား၊ လိုအပ်သူကို မျှဝေပေးနိုင်သလား၊ အမှားပြုမိလျှင် တာဝန်ယူနိုင်သလားဆိုသည့်အချက်များကလည်း လူငယ်တစ်ဦး၏ အရည်အသွေးကို ဖော်ပြနေသည်။
ထို့ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကောင်းမြတ်သော လူမှုတန်ဖိုးများကို စာအုပ်ထဲတွင်သာ မထားကြပါနှင့်။ မိမိ၏ စာသင်ခန်းထဲတွင် ကျင့်သုံးပါ။ သူငယ်ချင်းများနှင့် ဆက်ဆံရာတွင် ကျင့်သုံးပါ။ မိသားစုအတွင်း ကျင့်သုံးပါ။ အွန်လိုင်းလောကတွင်လည်း ကျင့်သုံးပါ။
ခဲတံတစ်ချောင်းကို ခွင့်တောင်းပြီး ယူသုံးခြင်းက စတင်နိုင်သည်။
ထမင်းတစ်လုတ်ကို မျှဝေပေးခြင်းက ဆက်လက်နိုင်သည်။
အပင်တစ်ပင်ကို မချိုးခြင်းက ပိုမိုကျယ်ပြန့်လာနိုင်သည်။
လူကြီးတစ်ဦး၏ စကားကို စိတ်ရှည်စွာ နားထောင်ခြင်းက ပိုမို နက်ရှိုင်းလာနိုင်သည်။
ထိုအသေးအဖွဲကောင်းများ စုစည်းလာသောအခါ လူကောင်းများပေါ်ထွက်လာမည်။ လူကောင်းများ စုစည်းလာသောအခါ လူမှုအသိုင်းအဝိုင်းကောင်းတစ်ရပ်ဖြစ်လာမည်။ လူမှုအသိုင်းအဝိုင်းကောင်းများ ပေါင်းစည်း လာသောအခါ နိုင်ငံ၏အနာဂတ်လည်း ပိုမိုခိုင်မာလာမည်။
မြန်မာနိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် သာမက သူတို့၏ စိတ်နှလုံး၊ ဉာဏ်ရည်နှင့် တန်ဖိုးအမြင်များထဲတွင် တည်ရှိနေသည်။ ပြောင်းလဲမှုများ လျင်မြန်လာသောကမ္ဘာတွင် လူငယ် များသည် ခေတ်မီပညာရပ်များကို ဇွဲလုံ့လဖြင့် သင်ယူရမည်ဖြစ်သကဲ့သို့ ဒီဂျစ်တယ်နည်းပညာ၊ စာတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လူမှုဆက်ဆံရေး ကျွမ်းကျင်မှု များကိုလည်း ပိုင်ဆိုင်ထားရန် လိုအပ်သည်။ ဤကျွမ်းကျင်မှုများသည် လူငယ်များ အား ကမ္ဘာ့စိန်ခေါ်မှုများကို ယုံကြည်မှုရှိရှိရင်ဆိုင်နိုင်စေရန်၊ အခွင့်အလမ်းသစ်များ ဖန်တီးနိုင်စေရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွစွာပါဝင်နိုင်စေရန် လမ်းဖွင့်ပေးလိမ့်မည်။
သို့သော် ခေတ်မီပညာတိုးတက်မှုသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကောင်းမြတ်သော လူမှု တန်ဖိုးများနှင့် ကွာဟနေပါက အဓိပ္ပာယ်မရှိ တော့ပါ။ ထို့ကြောင့် လူငယ်များသည် မိမိတို့၏ ကျင့်ဝတ်နှင့် တန်ဖိုး များဖြစ်သော သစ္စာ၊ ဂုဏ်သိက္ခာ၊ သည်းခံမှု၊ စာနာထောက်ထားမှု၊ တာဝန်သိမှုနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို မမေ့မလျော့ထိန်းသိမ်းကြရမည်။ ခေတ်မီအသိပညာနှင့် ကောင်းမွန်သောကျင့်ဝတ်တန်ဖိုးများ ပေါင်းစပ်မှသာလျှင် လူငယ်တစ်ဦးကို အသိဉာဏ်ရှိသည်၊ တာဝန် သိသည်၊ လူ့အဖွဲ့အစည်းအတွက်အကျိုးပြုသည့် နိုင်ငံသားတစ်ဦး အဖြစ် မှတ်ကျောက် တင်ခံရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏အနာဂတ်ကို တည်ဆောက်မည့် လူငယ်တို့—ခေတ်မီပညာကို သင်ယူကြပါ။ ကမ္ဘာကို ရင်ဆိုင်နိုင်သည့် ကျွမ်းကျင်မှု များကိုရယူကြပါ။ ထိုအရာများနှင့်အတူ မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့် ကောင်းမြတ်သောလူမှုကျင့်ဝတ် တန်ဖိုးများကိုလည်း မမေ့ကြပါနှင့်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် လူငယ်တို့၏လက်ထဲတွင် သာမက လူငယ်တို့၏ စိတ်နှလုံးထဲတွင်လည်း ရှိနေပါသည်။ ပညာ၊ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်တို့ ပေါင်းစည်းလာသောအခါ လူငယ်များ သည် မိမိတို့ဘဝကိုသာမက မိသားစု၊ လူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ တစ်ခုလုံး၏ ရေရှည်တိုးတက်မှုကိုပါ အောင်မြင်စွာ တည်ဆောက်နိုင် ကြမည်ဖြစ်ပါသည်။ ။


