နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ တပ်နယ်အားကစား ခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက် ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော် သမ္မတနှင့်ဇနီးတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုသုခုမပညာရပ်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက် ကြည့်ရှု အားပေးကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဝါသနာရှင်အဆင့် (ဒုတိယ တန်း) (အမျိုးသား) အကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ပြိုင်ပွဲဝင်အဖွဲ့များက တီးလုံးတီးကွက်များနှင့် စည်းကိုက် ဝါးကိုက် ခေါင်းခါးခြေလက် ပိုင်နိုင်စွာဖြင့် လည်းကောင်း၊ ဝတ်စားဆင်ယင်မှု၊ မျက်နှာသွင်ပြင်ဟန်ပန် သေသပ်မှုတို့ဖြင့် လည်းကောင်း တစ်ဦးချင်းစီ အလိုက် ပါဝင်ယှဉ်ပြိုင်ကပြနေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပုဗ္ဗသီရိတပ်နယ်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်လျက်ရှိသည့် ဝါသနာရှင် အဆင့် (ဒုတိယတန်း) (အမျိုးသား) စန္ဒရား အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြိုင်ပွဲဝင်များက ချစ်သမျှကို (ပတ်ပျိုး) သီချင်းဖြင့် သာယာ နာပျော်ဖွယ် တီးခတ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်မှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပြိုင်ပွဲအလိုက် အကဲဖြတ်ဆောင် ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များနှင့် လာရောက်အားပေးကြသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ အဖွဲ့ဝင်များ လိုက်ပါ၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ ယှဉ်ပြိုင်လျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “ဝိဓူရ” ဇာတ်တော်ကြီး ကပြ ယှဉ်ပြိုင်နေမှုကို တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဇာတ်တော်ကြီးပြိုင်ပွဲတွင် အကဲဖြတ်ဆောင်ရွက်ပေးကြမည့် ဒိုင်အဖွဲ့မှ ဝါရင့်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပရိသတ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု “သဘင့်မာန်ဟုန် ရွှေရန်ကုန်” ဇာတ်တော်ကြီးအဖွဲ့၏ “ဝိဓူရ” ဇာတ်တော်ကြီး ကပြ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြရာ ပြိုင်ပွဲဝင်များက အခန်းစဉ်များအလိုက် မူရင်းဇာတ်စာ၊ ပျို့လင်္ကာ၊ ရတုနှင့် ဆုံးမစာများ၊ အကအလှများ၊ ဇာတ်လမ်း၏ အနိမ့်အမြင့်အလိုက် ရှေးရိုးရာ ပတ်ပျိုး၊ ကြိုး၊ သီချင်းခံတို့ကို ရတု၊ ရကန်၊ လေးဆစ် “အဆို ပညာ”ရပ်၊ အလွမ်းအဆွေး သရုပ်ဆောင်ရာတွင် အသုံးချသည့် “အငိုပညာ”ရပ်နှင့် နားထောင်ရသူ စွဲမက်စေမည့် “အပြောပညာ” ရပ်တို့ဖြင့် ဇာတ်ညွှန်းအတိုင်း ဝါကျအဖြတ်အတောက် မှန်ကန်စွာ မြန်မာ့ရိုးရာ သဘင်ကျင့်ထုံးများကို မဖောက်ဖျက်ဘဲ တီထွင်ဖန်တီး မှုများနှင့်ပေါင်းစပ်၍ ကပြယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။
ဝိဓူရ ဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ နဝမမြောက် ဇာတ်တော်ကြီးဖြစ်ပြီး ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလ ဖြူစင်ဖြောင့်မတ်မှုအပေါ်တွင် အခြေခံသော ပညာ၏အကျိုး ကျေးဇူးများကို သိရှိသဘောပေါက်ကြစေရန်၊ သာဓုနရတရား လေးပါးအကြောင်း သိရှိနားလည် ကျင့်သုံးလိုက်နာကြစေရန်၊ လောင်းကစားခြင်း၏ ဆိုးပြစ်နှင့် မကောင်းသောအကျိုးဆက်များကို သိရှိရှောင်ရှား နိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်းတရားနှင့် သူတော်ကောင်းဥစ္စာ ခုနစ်ပါးကိုပွားများနိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကပြယှဉ်ပြိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား များအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက် ရှိကြသည့်အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက် ကြည့်ရှုအားပေးလျက် ရှိကြကြောင်းနှင့် ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်း ၂၄၀၀ ကျော် ဖြင့် အောက်တိုဘာ၂၉ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်





